ဝင်းညွန့် | DMG
ဒီဇင်ဘာ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနှင့် ချုံချောင်းကျေးရွာမှ ဒေသခံ ၄၀၀ ကျော်မှာ တပ်မတော်က ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားမှုကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေရကြောင်း သိရသည်။

ရွာသာယာကျေးရွာနှင့် ၂ မိုင်ခန့်အကွာရှိ ယောချောင်းတံတား၌ တပ်မတော်စစ်ကြောင်းတစ်ခု စခန်းချထားကာ ကျေးရွာသားများ ဝင်၊ ထွက်သွားလာခြင်းကို စိစစ်ပြီး ရိက္ခာသယ်ယူခွင့်ကို ပိတ်ပင်ထားသည်ဟု ရွာသာယာကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာက ဘယ်နေရာသွားသွား ယောချောင်းတံတားကိုဖြတ်ရတယ်။ အဲဒီတံတားမှာ တပ်မတော်စစ်ကြောင်းတစ်ခုက စခန်းချထားတယ်။ သွားရင်လည်း လက်မှတ်ထိုးပြီးသွားရတယ်။ ရွာထဲကို ဘယ်ပစ္စည်းမှ မယူရဘူး” ဟု ၄င်းက ဆိုသည်။

ထိုသို့ပိတ်ပင်ထားသည်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းကဖြစ်ကာ လက်ရှိမှာ အချိန်တစ်လခန့်ကြာမြင့်လာသဖြင့် ရွာသာယာကျေးရွာမှ ကျေးရွာသား ၁၀၀ ကျော်နှင့် ချုံချောင်းကျေးရွာမှ ကျေးရွာသား ၃၀၀ ကျော်တို့မှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည်။

“အခုက စက်လှေတွေနဲ့လည်း ထွက်လို့မရဘူး။ ရွာထဲကို ဘာမှယူလာလို့မရဘူး။ ရွာထဲမှာအခုတော့ စစ်တာတွေတော့မရှိဘူး။ ရွာသားတွေအကုန်လုံး စားဝတ်နေရေးကအစ အခက်အခဲတွေရှိနေပါတယ် ” ဟု ရွာသာယာကျေးရွာအတွင်း ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဋ္ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

“ယောချောင်းတံတားမှာ စစ်တပ်စခန်းရှိတယ်။ အောက်က တက်လာတဲ့လှေတွေကိုလည်း စစ်ဆေးတယ်။ အထက်ကဆင်းလာတဲ့လှေတွေကို သွားလာခွင့်မပေးဘူး။ စားရေး၊ သောက်ရေးကအစ အခက်အခဲတွေရှိနေတယ်။ တောထဲ၊ တောင်ထဲတွေကိုလည်း မသွားရဲကြတော့ အခက်အခဲရှိတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

ရွာသာယာကျေးရွာနှင့် ချုံချောင်းကျေးရွာသည် ရွာနီးချင်းစပ်ဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ရွာသာယာကျေးရွာအတွင်းကို တပ်မတော်က ဝင်ရောက်စစ်ဆေးကာ ကျေးရွာသား ၅ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

ရွာသာယာကျေးရွာတွင် ယခင်က လူဦးရေ ၁၇၀၀ ကျော်ရှိပြီး ရွာသားအများစုမှာ တပ်မတော်က ဝင်ရောက်စစ်ဆေးမှုများကြောင့် ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြသည်။

Author: Admin