တပ်မတော်မှ ဖမ်းဆီးစစ်ဆေးနေသူတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာသား ၆ ဦးအား ဖမ်းဆီးစစ်ဆေးနေစဉ် တစ်ဦးမှာ ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း တပ်မတော်၏ထုတ်ပြန်ချက်ကို မိသားစုဝင်များက အယုံအကြည်မရှိကြောင်း ဆိုကြသည်။

By မျိုးသီရိကျော် 15 Jul 2020

မျိုးသီရိကျော်၊ DMG
ဇူလိုင် ၁၅၊ စစ်တွေ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာသား ၆ ဦးအား ဖမ်းဆီးစစ်ဆေးနေစဉ် တစ်ဦးမှာ ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း တပ်မတော်၏ထုတ်ပြန်ချက်ကို မိသားစုဝင်များက အယုံအကြည်မရှိကြောင်း ဆိုကြသည်။

အဆိုပါကျေးရွာမှ အသက် ၂၀ မှ ၄၀ ကျော်အရွယ်များဖြစ်ကြသော ဦးစိုးမြင့်ထွန်း၊ ဦးမောင်ထွန်းဝင်း၊ ဦးဇော်လွင်၊ ဦးမောင်မြင့်ထွန်း၊ ကိုမြင့်ဝင်းနှင့် ကိုချမ်းငြိမ်းတို့ ၆ ဦးအား တပ်မတော်က ဇူလိုင် ၁၁ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က DMG သို့ပြောသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မအီမြို့မရဲစခန်း၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်ရန် သီးသန့်အဆောက်အဦး တွင် တစ်ဦးချင်းစီထားရှိရာ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းအချိန်က ဦးစိုးမြင့်ထွန်းသည်

၎င်းအားချည်နှောင် ထားသည့်ကြိုးကိုဖြုတ်ကာ ခေါင်းမိုးထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးသွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဇူလိုင် ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဦးစိုးမြင့်ထွန်း၏ ဦးခေါင်းတွင် ထုထောင်းဒဏ်ရာများ၊ လည်ပင်းတွင် ကြိုးဖြင့်ဆွဲရိုက်ထားသည့် ဒဏ်ရာများနှင့် ဘယ်ဖက်လက်မှာ ကျည်ထိဒဏ်ရာတို့ရှိနေသည့်အတွက် မတရားသေဆုံးသွားခြင်းသာဖြစ်ကြောင်း သေဆုံးသူ၏ ယောက်ဖဖြစ်သူ ဦးကျော်လှိုင်က ပြောသည်။

“ကြိုးနဲ့လည်ပင်းကိုချည်ပြီး သတ်ထားတဲ့ဒဏ်ရာတွေပါတယ်။ သေနတ်နဲ့ ထောင်းထားတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ မျက်နှာလည်း ပြိုပျက်နေတယ်ဆိုတော့ လည်ပင်းကိုကြိုးနဲ့ချည်ပြီး သတ်ထားသလို ဖြစ်နေတယ်” ဟု ဦးကျော်လှိုင်က ဆက်၍ဆိုသည်။

ထို့ပြင် ဦးစိုးမြင့်ထွန်းအား တောင်ကုတ်မြို့နယ် မအီမြို့မရဲစခန်းတွင် စစ်ဆေးနေစဉ် ကြိုးဆွဲချသေဆုံး သွားကြောင်း တပ်မတော်ကထုတ်ပြန်ထားသော်လည်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကမူ မအီမြို့မရဲစခန်းတွင် သေဆုံးခြင်းမဟုတ်ကြောင်း ငြင်းဆိုသည်။

“တပ်ကနေ လူခွဲပြီးတော့ သူတို့တပ်ထဲမှာ ချုပ်ထားတာ၊ တပ်ဆိုတာက သူတို့လှုပ်ရှားဗျူဟာမှာရှိနေတဲ့ တိုက်ခန်းတွေထဲမှာ ထည့်ထားတာ။ အဲဒီတိုက်ခန်းထဲမှာ သူ့ဟာသူကြိုးဆွဲချပြီး သေသွားတာ”ဟု ရဲမှူးကရှင်းပြသည်။

အလားတူ ယမန်နှစ်အတွင်းကလည်း မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတစ်ဦးမှာ တပ်မတော်က ဖမ်းဆီး စစ်ဆေးနေစဉ် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ