မင်းထွန်း | DMG
မေ ၁၇ ၊ စစ်တွေ

COVID -19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အစားအသောက်များကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် စားသောက်ဆိုင်များအား ညွှန်ကြားထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်ရောင်းချရန် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကြောင်းကြားလာသည်ဟု စားသောက်ဆိုင် လုပ်ငန်းရှင်များက ပြောသည်။

ယခုကဲ့သို့ ပါဆယ်စနစ်ကိုကျင့်သုံးရောင်းချရာတွင် စားသုံးသူများ၏ ဝယ်ယူမှုနည်းပါးသွားသည့်အတွက် ရောင်းအားကျဆင်းလာနေကာ စားသောက်ဆိုင်များအရှုံးနှင့်ရင်ဆိုင်နေကြရကြောင်း စစ်တွေမြို့ RV စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရှုံးပေါ်တယ်လို့ ပြောရတယ်ဆိုတာက အခွန်အခတွေရှိတယ်။ ဝန်ထမ်းတွေကိုပေးရမယ့် ဝင်ငွေတွေရှိတယ်။ ဆိုင်က တောက်လျှောက်ရောင်းချမယ်ဆိုပြီးတော့ အကုန်လုံးဝယ်ထားတာပေါ့။ COVID-19 ကြောင့် ဆိုင်ကို ရပ်လိုက်ရတယ်ဆိုတာနဲ့ သားငါးတွေ ကုန်စိမ်းတွေ အကုန်းလုံးပျက်စီးပြုန်းတီးမှုတွေ ဖြစ်သွားတယ်ဆိုတော့ အကုန်လုံးအရှုံးပေါ်တာပေါ့။ ဘာမှကို ဝင်ငွေကမရှိတော့ ဆိုင်ကအရှုံးပေါ်တာပေါ့။ ပြီးတော့ ဒီဆိုင်လခတွေ၊ တခြားအခွန်အခတွေ၊ မီတာကြေးတွေ အကုန်လုံးရှိတာကို” ဟု RV စားသောက်ဆိုင်မန်နေဂျာ ဒေါ်မမြသိန်းက ဆိုသည်။

လက်ရှိမှာ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချနေရသောကြောင့် တစ်နေ့တာဝင်ငွေ မရှိသလောက် နည်းပါးသွားခဲ့ကြောင်း ဆိုင်ရှင်များကဆိုသည်။

စားသုံးသူများသည် ဆိုင်တွင်ထိုင်ပြီး ဝိုင်းဖွဲ့စားသောက်ခြင်းများမလုပ်ရသည့်အတွက် လာရောက်စားသုံးမှု နည်းပါးသွားခဲ့ကာ စားသောက်ဆိုင်များ၏ ရောင်းအားလည်းကျဆင်းလျက်ရှိနေသည်။

“အရင်က ဆိုင်မှာဆိုရင် လွတ်လွတ်လပ်လပ် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေခေါ်ပြီးတော့ ဒီမှာလာကြတယ်။ အခုက ဆိုင်မှာထိုင်မစားရဆိုတော့ လိုအပ်သလောက် ပါဆယ်ယူသွားကြတယ်။ ပါဆယ် ရောင်းတာနဲ့ ဆိုင်ထိုင်ပြီးရောင်းတာနဲ့ မတူဘူးပေါ့” ဟု စစ်တွေမြို့ အာရီယာန်စားသောက်ဆိုင်မှ စာရင်းကိုင် မလဲ့လဲ့ခိုင်က ပြောသည်။

စားသောက်ဆိုင်များရောင်းအားကျဆင်းပြီး အရှုံးနှင့်ရင်ဆိုင်နေရသော်လည်း စားသုံးသူများနှင့် အဆက်မပြတ် စေရန်အတွက် ပါဆယ်စနစ်ဖြင့် ဆက်လက်ရောင်းချနေကြရသည်။

ယခုကဲ့သို့ စားသောက်ဆိုင်များ ရောင်းအားကျဆင်းလာသည်နှင့်အမျှ ဆိုင်မှဝန်ထမ်းအချို့ကို လျှော့ချခဲ့ရသည် များလည်း ရှိနေသည်။

“ဝန်ထမ်းတွေ လျော့ချလိုက်ရတာတွေ ရှိပါတယ်။ အရင်ကဆိုရင် ခုနှစ်ယောက်လောက်ရှိခဲ့တယ်။ အခုဆိုရင် နှစ်ယောက်လောက်ပဲရှိတယ်။ ပါဆယ်စနစ်နဲ့ဆိုတော့ စားပွဲထိုးတွေလည်း မလိုတော့ဘူးလို့ ဝန်ထမ်းလျှော့ချ လိုက်ရတာပါ။ ပါဆယ်စနစ်နဲ့ဆိုတော့ ဝင်ငွေကလည်း အရင်ကလောက် မရှိဘူးလေ။ အဲဒါကြောင့် လျော့ချလိုက် တာပါ” ဟု စစ်တွေမြို့ မောလိပ်မုန့်တီဆိုင်ရှင် ကိုကျော်နိုင်လင်းက ပြောသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်မှုများမပြုလုပ်ရန်နှင့် အစားအသောက်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် အစိုးရမှ အကြောင်းကြားထားသော်လည်း စစ်တွေမြို့ပေါ်မှ စားသောက်ဆိုင်အချို့တွင် ဝိုင်းဖွဲ့စားသောက်မှုများလည်းရှိနေသည်။

ယင်းသို့ စားသောက်ဆိုင်အချို့မှ လိုက်နာမှုအားနည်းသည်မှာ အရေးယူမှုအပိုင်း အားနည်းခြင်းကြောင့်ဟု စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆိုသည်။

“စားသောက်ဆိုင်ဆိုတာမှာ အကုန်ပါတယ်၊ လက်ဖက်ရည်ဆိုင်တို့၊ ထမင်းဆိုင်တို့၊ ဆိုင်ကြီးရောင်းတဲ့ဟာတွေ၊ လမ်းဘေးရောင်းတဲ့ဟာတွေ အကုန်ပါတယ်။ နောက်ပိုင်းမှာ စည်းကမ်းတွေဖောက်ဖျက်ပြီးတော့ အရေးယူမှု နည်းနည်းလေး အားနည်းတဲ့အခါကျတော့ ကျနော်တို့လည်းလိုက်ပြောတယ်။ ဒါပေမယ့် တစ်ချို့အဲဒီလို ခိုးရောင်း တာတွေရှိတယ်” ဟု စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောသည်။

ယခုကဲ့သို့ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးများမဖြစ်ပေါ်စေရန် စားသောက်ဆိုင်များကိုပိတ်ကာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားမှုများရှိသော်လည်း စစ်တွေမြို့တွင် မေလ ၁၂ ရက်၊ ၁၃ ရက်နေ့များက တိုင်းရင်းသားဘာသာစာပေသင်ကြားပေးမည့် နေ့စားလပေးဆရာ၊ ဆရာမနေရာအတွက် အလုပ်လျှောက်လွှာတင်ကြရာတွင် လူရာပေါင်းများစွာဖြင့် လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် အစိုးရ၏စီမံခန့်ခွဲမှုအပေါ် ဝေဖန် မှုများရှိခဲ့သည်။

အခြားပြည်နယ်နှင့် တိုင်းများတွင် COVID-19 ကာကွယ်ရေးအတွက် လူစုလူဝေးများမပြုလုပ်ကြရန်နှင့် အပြင်သွားပါက Mask တပ်ကြရန် ညွှန်ကြားထားကာ လိုက်နာမှုမရှိပါကလည်း ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်လျက်ရှိနေသည်။

Author: Admin