ခိုင်ရိုးလ | DMG
ဇွန် ၂၅ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင် အမျိုးသား(၃)ဦးကို AA တပ်ဖွဲ့ဝင် များနှင့် ၄င်းတို့၏အမာခံများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်ထားသည်။

တပ်မတော်သားများ၏ သားသမီး ၃ ဦးသည် ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆိုင်ကယ် ၂ စီးဖြင့် ရသေ့တောင်မြို့နယ် ကြိမ်သာရွာဘက်သို့သွားရောက်ခဲ့ရာတွင် ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ရသေ့တောင် တပ်ရင်း တပ်မိသားစုက လူငယ် ၃ ဦးအဖမ်းခံရတယ်လို့တော့ သတင်းကြားပါတယ်။ ကျမတို့က မမြင်ရတော့ ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာကို တိတိကျကျ မပြောနိုင်သေးပါဘူး”ဟု ဆိုသည်။

ရသေ့တောင်မြို့တွင် ခမရ (၅၃၆)၊ (၅၃၇)၊ (၅၃၈)တပ်ရင်းသုံးခုရှိပြီး ယခုဖမ်းဆီးခံရသူများမှာ မည့်သည့် တပ်ရင်းမှဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

လက်ရှိမှာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခံရသည့် တပ်မိသားစုဝင် ၃ ဦးအား ရှာဖွေ လျက်ရှိကြောင်း တပ်မတော်မှသိရသည်။

ယင်းသို့ တပ်မတော်သားသမီး ၃ ဦးကို ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး AA ဘက်မှ ယနေ့နံနက်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားသည်ကို မတွေ့ရှိရပေ။

ဇွန်လ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ရသေ့တောင်မြို့နှင့် မလှမ်းမကမ်းရှိ ပြားချောင်းကြီးတံတားအနီးတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲမှပစ်ခတ်လိုက်သည့် လက်နက်ကျည်များမှာ မြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် ကျရောက်သဖြင့် စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

Author: ခိုင်ရိုးလ