နှင်းနွယ် | DMG
ဇူလိုင် ၁၃ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာဟောင်းနှင့် ချိန်ခါလီကျေးရွာသစ်ကြားတွင် ယနေ့ (ဇူလိုင်လ ၁၃ ရက်)နေ့ နံနက်ပိုင်းက ပစ်ခတ်သံများကြားရပြီးနောက် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာအနီးပစ်ခတ်သံများကြားရသောကြောင့် ရွာသူရွာသားများမှာ နေအိမ်တွင်ပုန်းခိုနေကြစဉ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲလာသဖြင့် ကျေးရွာသားများ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ဘယ်နှစ်လုံးကျလို့ ကျမှန်းတောင်မသိဘူး။ ရွာသားတွေကလည်း ပုန်းနေကြတာ။ အခု ဒဏ်ရာရသွားတဲ့ သုံးယောက်ကလည်း ကိုယ့်အိမ်မှာကိုယ် ပုန်းနေရင်းနဲ့ လက်နက်ကြီး ကျည်စတွေလာထိသွားတာ” ဟု ၄င်းကဆိုသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းဝင်း ၅၀ နှစ်၊ ဒေါ်ဦးမြင့်ကြည် ၄၁ နှစ်နှင့် ၎င်း၏သားဖြစ်သူ ၁၃ နှစ်အရွယ်ကလေးတို့တွင် လက်နက်ကြီးကျည်စ ထိမှန် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးမောင်ထွန်းဝင်းမှာ ခြေထောက်၌ထိမှန်ဒဏ်ရာ၊ ဒေါ်ဦးမြင့်ကြည်မှာ လက်မောင်းထိမှန်ဒဏ်ရာနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရင်ဘတ်ထိမှန်ဒဏ်ရာများ ရရှိသွားခဲ့သဖြင့် ဆင်ပိုက်ကျေးရွာဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒေသခံများကဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “လက်နက်ကိုင်ထားတဲ့သူတွေ၊ အာဏာရှိတဲ့ သူတွေက လူနေရပ်ကွက်တွေမှာ ပစ်ခတ်တာတွေကို ရှောင်ရှားသင့်တယ်။ နောက်ပြီးတော့ အရပ်သားတွေ ကိုလည်း အကာအကွယ်ပေးသင့်တယ်။ ဥပဒေကလည်း ဒီလိုပဲပြဌာန်းထားတာ”ဟုပြောသည်။

လက်ရှိ ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိနေပြီး သက်ကြီးပိုင်း အချို့နှင့် လူငယ်အချို့ ကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့ကြောင်း ဒေသခံများကပြောသည်။

Author: Admin