ခိုင်ရိုးလ | DMG
ဇူလိုင် ၁၈ ၊ ရသေ့တောင်

ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်ကျေးရွာအနီးတဝိုက်တွင် အခြေပြုနေသော AA အဖွဲ့အား အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး စတင်ပြုလုပ်နေကြောင်း ဇူလိုင် ၁၆ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

AA အနေဖြင့် ယင်းအနီးတဝိုက်တွင် ကျေးရွာသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုနေခြင်း၊ ရသေ့တောင်၊ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့နယ်သို့ ဆက်သွယ်ထားသော လမ်းကြောင်းများကို ပိတ်ဆို့ ထားသည်ဟု တပ်မတော်ကဆိုသည်။

ယင်းကြောင့် လမ်းကြောင်းပွင့်စေရန်နှင့် ရွာသူရွာသားများကိုကယ်တင်ရန် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး (Counter Terrorism Operation)ကို တပ်မတော်က ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် ကျောက်တန်းကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးများ၊ လေကြောင်းပစ်ခတ်တိုက်ခိုက် မှုများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁၆ ရက်နေ့တွင် အေအေက ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် ကျောက်တန်းကျေးရွာနှင့် အောင်သာစည်ကျေးရွာကြားတွင် ဇူလိုင် ၁၆ ရက်နေ့နှင့် ၁၇ ရက်တို့၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့(ဇူလိုင်လ ၁၈ ရက်)နေ့တွင် လက်နက်ကြီးပစ်ခတ်မှုတစ်ချို့ ရှိနေကြောင်း ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက DMG သို့ ပြောသည်။

ဒီနေ့ကတော့ တပ်မတော်က ရသေ့တောင်တို့၊ ထီးစွဲတို့ကနေ လက်နက်ကြီးပစ်ခတ်နေတာတွေ ရှိတယ်။ အောင်သာစည်မှာ AA ရှိတယ်။ ထီးစွဲမှာတော့ တပ်မတော်ရှိတယ်။ ဒီနေ့တော့ နှစ်ဘက်ထိတွေ့မှု ပစ်ခတ်တာ မျိုးတွေမကြားရဘူး” ဟု ဦးအောင်သောင်းရွှေက ဆိုသည်။

ထီးစွဲ၊ အောင်သာစည်ကျေးရွာတို့တွင် လူနေထိုင်ခြင်းမရှိတော့ပေ။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် အဆိုပါ ကျောက်တန်းကျေးရွာ အနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သဖြင့် ရွာသားများ တိမ်းရှောင်နေကြရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့မှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့သို့ ရှောင်ပြေး သွားကြခြင်းဖြစ်သည်။

သို့သော် ယင်းစာကို  ဇွန်လ  ၂၆ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း လက်ရှိမှာ အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေး စတင်လာခြင်းဖြစ်သည်။

သို့သော်လည်း ကျောက်တန်းကျေးရွာမှ လယ်သမားတစ်ချို့မှာ လယ်ယာထွန်ယက်ရန်အတွက် ကျေးရွာ အတွင်း အရဲစွန့်ပြီးကျန်နေခဲ့သူများလည်း ရှိနေသည်။

ဇူလိုင်လ ၁၆ ရက် နေ့လည်ပိုင်းတွင် ယင်းနေရာအနီးတဝိုက်အား တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ် မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယင်းတိုက်ပွဲအတွင်း ကျေးရွာအနီးတွင် လယ်ထွန်နေသည့် ဦးမောင်ခင်လှ၊ ဦးဦးကျော်သန်းနှင့် ဦးမောင်လှတို့ လယ်သမားသုံးဦးမှာ လက်နက်ကြီးကျည်စများ ထိမှန်သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက DMG သို့ ပြောဆိုထားသည်။

လက်ရှိတွင် ၄င်းတို့၏ဒဏ်ရာမှာ မပြင်းထန်သဖြင့် ရသေ့တောင်မြို့နယ်၊ လမုန်းတိုင်ကျေးရွာနှင့် ကျောက်တန်း ကျေးရွာတို့တွင် ဆေးကုမှုခံယူနေရကြောင်း ဒေသခံများထံမှသိရသည်။

ယင်းတိုက်ပွဲများမှ လက်နက်ကြီးကျည်များမှာ အနီးအနားကျေးရွာများသို့ ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီးမှုများရှိခဲ့ကာ လိုင်ဂွင်ကျေးရွာသား ၃၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးမှုများ ရှိနေကြောင်း လိုင်ဂွင်ကျေးရွာသား ဦးမောင်ဝင်းကဆိုသည်။

“အောင်သာစည်၊ ကျောက်တန်းဘက်မှာ တိုက်ပွဲဖြစ်နေတာ အဲဒီဖက်ကနေ လက်နက်ကြီးကျည်တွေ ရွာထဲကို ကျရောက်လာတာတွေ ရှိတယ်။ ရွာသားတွေဆီမှာတော့ မထိဘူး။ ကြောက်လို့ ထွက်ပြေးသွားသူတွေလည်း ရှိတာပေါ့ ” ဟု ဦးမောင်ဝင်းက ပြောသည်။

၎င်းတို့မှာ ရသေ့တောင်မြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာများသို့ ထွက်ပြေးသွားကြကြောင်း ဦးမောင်ဝင်းက ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယခုကဲ့သို့တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေး နေရမှုများကို အစိုးရဘက်မှ တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း ထောက်ပြသည်။

“အခုဆိုရင် လယ်လုပ်လို့မရတော့ဘူး။ ကျွဲနွားတိရိစ္ဆာန်တွေ မရှိတော့ဘူး။ ဒါကြောင့် ဒေသခံတွေ ဘာမှလုပ်လို့ မရတော့ နစ်နာတယ်။ ဒါတွေကို အစိုးရဘက်ကနေ တာဝန်ယူဖြေရှင်းပေးရမယ်။ ပြည်သူလူထုကို ကာကွယ် ပေးရမယ်လေ” ဟု ဦးခင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးမှုအပြင် ယင်းဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြ ရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေမှုမှာ ၂ နှစ်ခန့်အထိကြာမြင့်လာနေပြီး ယင်းအကျိုးဆက်အဖြစ် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း တစ်ပြည်နယ်လုံးတွင် ၂ သိန်းခန့် ရှိလာနေပြီ ဖြစ်သည်။

Author: ခိုင်ရိုးလ