ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၈ ၊ ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် (အငူမော်)ကုန်တန်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၇၀၀ ခန့်အတွက် ခြင်ထောင်၊ စောင်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ကုန်တန်းကျေးရွာ ဆရာတော်ထံမှ သိရသည်။
ယင်းစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအနီးလက်နက်ကြီးကျည် ကျရောက်မှုများကြောင့် ချိန်ခါလိန်၊ ကိုးတန်ကောက်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ ပေါက်တောပြင် စသည့်ကျေးရွာတို့မှ ထွက်ပြေးလာကြခြင်း ဖြစ်သည်။
၎င်းတို့မှာ အသက်ဘေးလွတ်ရာသို့ ကိုယ်လွတ်ထွက်ပြေးလာရသည့်အတွက် အသုံးအဆောင်ပစ္စည်းများ သယ်ယူခွင့်မရခဲ့ကြပေ။ လက်ရှိတွင် စားရေးသောက်ရေးအတွက် ကျေးရွာသားများက တာဝန်ယူထား ကြသော်လည်း ခြင်ထောင်နှင့် စောင်အပါအဝင် အဝတ်အထည်များလိုအပ်နေခြင်းဖြစ်ကြောင်း ကုန်တန်း ဆရာတော်က မိန့်ကြားသည်။
“လက်ရှိမှာ လိုအပ်နေတာက ခြင်ထောင်၊ စောင်နဲ့ အဝတ်အထည်တွေဖြစ်တယ်။ သူတို့က နေအိမ်တွေက ဘာမှကို ယူခွင့်မရခဲ့ကြဘူး။ စားရေးသောက်ရေးအတွက်ကတော့ လောလောဆယ် ကုန်တန်းရွာသားတွေ စုပေါင်းပြီး တာဝန်ယူထားကြတယ်။ ရေရှည် အိမ်မပြန်နိုင်ကြရင် အခက်တွေ့လာမှာဖြစ်တယ် ” ဟု ကုန်တန်း ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် ယင်းစစ်ဘေးရှောင်များမှာ ကုန်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် စာသင်ကျောင်း တို့တွင် နေရာချပေးထားကြောင်း ဆရာတော်ကမိန့်သည်။
“ကျွန်တော်တို့ အခုလက်ရှိအလိုအပ်ဆုံးကအဝတ်အထည်ပါ။ လှဲစရာဘာမှပါမလာဘူး။ မိုးကလဲ ရွာဆိုတော့ ကိုယ်ဝတ်တစ်ထည်နဲ့ နေရတာအတော်ဒုက္ခပါ” ဟု ချိန်ခါလိန်ကျေးရွာမှထွက်ပြေးလာသူ ကိုအောင်ကျော်လှက DMG သို့ ပြောသည်။
ကုန်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအပြုံးချေက “လူကများတော့ အိမ်သာအခက်အခဲရှိတယ်။ နောက်အမျိုး သမီးတွေရေချိုးဖို့ အကာအရံတွေမရှိဖြစ်တယ်။ စားနပ်ရိက္ခာတွေလိုတယ် ငါးခြောက်တို့၊ ပဲတို့ လိုအပ်ပါတယ်။ ခြင်ထောင်က မနေ့က မောင်တောကရုဏာကွန်ယက်ကလာလှူကြတယ်။ စောင်မရှိကြဘူး။ အဝတ်အစားတွေ လိုအပ်နေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ နယ်စည်းမခြားဆရာဝန်များအသင်းက လာကြည် ပေးတယ်” ဟု ဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် အငူမော်ဈေးကုန်တန်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းသို့ မောင်တောကရုဏာ ကွန်ယက်မှ ခြင်ထောင် ၅၅၀ လုံး၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၃၀၀ ခု၊ တာပိုလိန် ၅ ခု၊ ဆန် ၁၀ အိတ်အတွက် ငွေကျပ် ၂၈၀,၀၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ယနေ့(ဇူလိုင်လ ၁၈ ရက်)နေ့တွင်လည်း မေယုဒေသ ပရဟိတအဖွဲ့မှ ခြင်ထောင်၊ အဝတ်အထည်နှင့် စားနပ် ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများနှင့် စစ်ဘေးသင့်ပြည်သူ နှစ်သိန်းခန့်ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။




