
ချလူးအောင် | DMG
ဇူလိုင် ၂၅၊ စစ်တွေ
တပ်မတော်က တစ်ရက်ကျော်ကြာစစ်ဆေးပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ရသေ့တောင်မြို့နယ်မှ ဆရာမသည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် တွေ့သော ရွာသူ၊ရွာသားများ ထွက်ပြေးနေသည်ကို မြင်သဖြင့် ကြောက်လန့်ပြီး မူးလဲသွားကာ ဆေးကုသမှုခံယူနေရသည်ဟု ဆွေမျိုးတစ်ဦးက DMG ကိုပြောသည်။
ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး မူလတန်းဆရာမ ဒေါ်မြသိန်းတန်အပါအဝင် ရွာသား (၈၀၀)ခန့်အား အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့သည်။ တခြားသူများကို ယင်းနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဆရာမကို ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေပိုင်းတွင်သာ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
ဆရာမသည် တာဝန်ကျနေသည့် နော်ဝေကျေးရွာသို့ စာသင်ရန်သွားရောက်စဉ် ထိုသို့ မူးလဲသွားခြင်းဖြစ်ပြီး လောင်းချောင်းကျေးရွာ ဆေးပေးခန်းတွင် ဆေးကုသမှုခံယူနေရသည်ဟု ဆွေမျိုးတော်စပ်သူ ဒေါ်မသိန်းမေက ပြောသည်။
“စစ်တပ်က မနေ့က ပြန်လွှတ်ပေးလိုက်တယ်။ ဒီနေ့မနက် နော်ဝေကို စာပြဖို့သွားတဲ့အချိန်မှာ လမ်းမှာ နော်ဝေရွာကသူတွေ ထွက်ပြေးလာကြတာကိုမြင်တော့ စိတ်ထိလန့်ပြီး မူးလဲသွားတယ်။ စစ်တွေကိုယူဖို့ ကားရှာမရလို့ လောင်းချောင်းဆေးခန်းမှာ ဆေးကုသမှုခံယူနေတယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းရွာတွင် ကျောက်ချရပ်နားထားသည့် တပ်မတော်ရေသင်္ဘောသုံးစီးကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီးနောက် ယင်းရွာအနီးရှိ ရန်အောင်ပြင်ကျေးရွာကို တပ်မတော်က ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တပ်မတော်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် ရေယာဉ်က ပစ်ခတ်မှုများပြုလုပ်သောကြောင့် ပြာပင်ရင်း၊ ဈေးကုန်တန်း၊ ခတောက်ချောင်းစသည့် ကျေးရွာ (၅)ရွာခန့်က ဒေသခံ (၄၀၀၀) ကျော်ခန့်သည် လုံခြုံရေးစိုးရိမ်မှုကြောင့် တခြားကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်။




