- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် ကျောက်တန်းရွာသား ၈၀၀ ကျော် နေရပ်ပြန်
“ကျနော်တို့မိသားစုမှာ ကျနောတစ်ယောက်ပဲ ပြန်လာတာ။ မိုးလည်းရွာလာပြီဆိုတော့ လယ်တွေဘာတွေ ပြန်လုပ်ဖို့ အိမ်ကိုပြန်လာခဲ့တာပါ။ မိသားစုတွေအကုန်လုံးကတော့ မလာရဲကြသေးဘူး။ ညဖက်အိပ်နေရင်လည်း စစ်သားတွေ ရွာထဲဝင်လာမလားဆိုပြီး စိုးရိမ်တကြီးနဲ့ အိပ်နေရတယ်”
21 May 2020
မျိုးသီရိကျော် | DMG
မေ ၂၁ ၊ ရသေ့တောင်
ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်တိမ်းနေကြသည့် ကျောက်တန်းကျေးရွာသား ၈၀၀ ကျော်မှာ ယခုရက်ပိုင်းအတွင်း မိမိနေရပ် ကျောက်တန်းကျေးရွာသို့ ပြန်သွားနေကြကြောင်း သတင်းရရှိသည်။
၎င်းကျေးရွာသားများမှာ လယ်ယာထွန်ယက်စိုက်ပျိုးနိုင်ရန်နှင့် လက်ရှိ COVID-19 ကပ်ရောဂါတို့ကြောင့် မိမိနေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့မိသားစုမှာ ကျနောတစ်ယောက်ပဲ ပြန်လာတာ။ မိုးလည်းရွာလာပြီဆိုတော့ လယ်တွေဘာတွေ ပြန်လုပ်ဖို့ အိမ်ကိုပြန်လာခဲ့တာပါ။ မိသားစုတွေအကုန်လုံးကတော့ မလာရဲကြသေးဘူး။ ညဖက်အိပ်နေရင်လည်း စစ်သားတွေ ရွာထဲဝင်လာမလားဆိုပြီး စိုးရိမ်တကြီးနဲ့ အိပ်နေရတယ်”ဟု ကျောက်တန်းကျေးရွာမှ ဦးစံလှိုင်က ဆိုသည်။
ယင်းသို့နေရပ်ပြန်သူများ ကျောက်တန်းကျေးရွာသို့ ရောက်ရှိချိန်တွင် နေအိမ်မှပစ္စည်းများ ဖောက်ထွင်းဖျက်ဆီးခံထားရခြင်း၊ ကုန်စုံဆိုင်များ ဖောက်ထွင်းခံထားရမှုများကို တွေ့ရှိရကြောင်း ကျေးရွာသားများက ပြောသည်။
လက်ရှိမှာ ကျောက်တန်းကျေးရွာသားအချို့ နေရပ်ပြန်လာကြသော်လည်း ဒေသမတည်ငြိမ်မှုများ ထပ်မံဖြစ်လာမည်ကို စိုးရိမ်သဖြင့် အချို့ကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းတွင်သာ ကျန်ရှိနေခဲ့ကြသည်။
“လက်ရှိဒေသတည်ငြိမ်နေတာကြောင့် ပြန်ကြတာဖြစ်မယ်။ တိုက်ပွဲတွေပြန်ဖြစ်မှာကိုလည်း သူတို့အတွက် စိုးရိမ်ပါတယ်”ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် မေယုပရဟိတလူငယ်များအသင်းမှ ကိုမေယုထွန်း ကပြောသည်။
ကျောက်တန်းကျေးရွာတွင် အိမ်ခြေ ၅၄၀ ၊ လူဦးရေ ၃၀၀၀ ကျော်ရှိကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၉ ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ကျေးရွာစာသင်ကျောင်း၌ ခေါ်ယူစစ်ဆေးခဲ့သည်။ စစ်ကြောရေးကာလအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် စစ်ဆေးခံရနေသူများထဲမှ အရပ်သား ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။
ယင်းဖြစ်စဉ်နောက်ပိုင်း ကျောက်တန်းကျေးရွာသားများမှာ ရသေ့တောင်မြို့ပေါ်၊ ကျောက်တော်နှင့် စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်သွားကြခြင်းဖြစ်သည်။