ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်အချို့ မီးလောင်ကျွမ်းမှုရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် ရသေ့တောင်မြို့အနီးရှိ (၅၃၇)တပ်ရင်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးမှာ အမျက်တောင်ကျေးရွာအတွင်း ကျရောက်ကာ နေအိမ်အချို့မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် င/စံဘော်ကျေးရွာမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
“အဲဒီဗျုဟာတပ်ရင်း(၅၃၇)က တစ်ရက်လုံးပစ်တယ်။ အဲဒီရွာနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ အခု အမျက်တောင်ရွာမှာကျပြီး အိမ်တွေမီးလောင်နေတာမြင်ရတယ်။ ကျနော်တို့လည်း သွားမကြည့်ရဲဘူး” ဟု ၎င်းကျေးရွာသားက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က အမျက်တောင်ကျေးရွာတွင် နေအိမ် ၁၁ ဆောင် မီးရှို့ခံရပြီးနောက်ပိုင်း ကျေးရွာသားများထွက်ပြေးသွားခဲ့ကြရာ ရွာသားအချို့မှာ စပါးရိတ်သိမ်းရန်အတွက် ကျေးရွာသို့ ပြန်လည်ရောက်ရှိနေကြသည်။
သို့သော် ၎င်းကျေးရွာအတွင်း နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် ကျေးရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် ရွာသားအားလုံးမှာ ကျေးရွာမှ ထွက်ပြေးလျက်ရှိနေသည်။
“မနေ့က နေအိမ်တစ်ဆောင်မီးလောင်သွားတယ်လို့ သိထားတယ်။ ခန့်မှန်းကြည့်တော့ ဦးသန်းချေအိမ်၊ ထွီးစံကျော်နေအိမ်၊ ထွန်းထွန်းချေနေအိမ် အဲဒီအစု သုံးဆောင်က တစ်ဆောင်ဖြစ်နိုင်တယ်။ ရွာသားတွေက တစ်ယောက်မှမရှိတော့ဘူး။ သွားမကြည့်ရသေးတဲ့အတွက် ဘယ်သူ့အိမ်ဆိုတာကို ပြောဖို့ခက်နေသေးတယ်” ဟု အမည်မဖော်လိုသည့် အမျက်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။
ယင်းအပြင် အမျက်တောင်ရွာကျောင်းထိုင်ဆရာတော်က “ရသေ့တောင်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းနားက နေအိမ်တစ်ချို့ မီးလောင်သွားတယ်လို့ သတင်းကြားတယ်။ ဘယ်သူ့အိမ်လဲဆိုတာကိုတော့ အတိကျမသိရသေးဘူး” ဟု မိန့်သည်။
ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ ကာလအတန်ကြာပြီဖြစ်ကာ ၎င်းရေစိုးချောင်းဗျူဟာမှ ဆင်းလာသည့် စစ်ကြောင်းတစ်ခုကို AA က နိုဝင်ဘာလ ၂၃ ရက် နေ့တွင် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ အနည်းဆုံး ၄ ဦးခန့်ကျဆုံးမှုရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထို့နောက် တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ကျေးရွာဘက်သို့ ဦးတည်ပစ်ခတ်သဖြင့် အမျက်တောင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဆိုသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ် မေးမြန်းရာတွင် ဖုန်းကိုင်သူတစ်ဦးက ဗိုလ်မှူးကြီး အစည်းဝေးလုပ်နေသည့်အတွက် နောက်မှပြန်ဆက်ရန် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့အနီးတွင်ရှိသည့် တပ်မတော်ခြေမြန်တပ်ရင်း ခမရ ၅၃၆ ၊ ၅၃၇ ၊ ၅၃၈ တို့ကို AA က ဒုံးသီးများဖြင့် တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့သည်။
၎င်းတပ်ရင်းများမှ အမြောက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိကြောင်း AA နှင့် အနီးပတ်ဝန်းကျင် ဒေသခံများက ပြောဆိုကြသော်လည်း တပ်မတော်က ယင်းတပ်ရင်းများမှ အမြောက်ပစ်ခတ်မှုများမရှိကြောင်း ငြင်းဆိုထားသည်။




