သီဟ | DMG
ဇန်နဝါရီ ၂၇၊ စစ်တွေ
ရခိုင်ယူနိုက်တက်အသင်း(RUFC) တောင်ပံကစားသမားတစ်ဦး ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့၊ ညနေ (၁၀)နာရီခန့်က စစ်တွေမြို့တွင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့သောကြောင့် ဆေးကုသမှုခံယူနေရသည်ဟု ယင်းအသင်းမှ သိရသည်။
ကစားသမား ကိုဇော်သိန်းဝင်းသည် မိတ်ဆွေမိန်းကလေးတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်တွေပြည်ထောင်စုလမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းသည်။ အတူပါလာသည့် မိန်းကလေးမှာ ဦးခေါင်းကွဲဒဏ်ရာဖြင့် ယင်းနေရာတွင် သေဆုံးသွားသည်။
ကိုဇော်သိန်းဝင်းမှာ ဦးခေါင်းခွံရိုးကျိုးဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာတို့ကြောင့် စစ်တွေဆေးရုံကြီး အမျိုးသားခွဲစိတ်ဆောင်တွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရသည်ဟု အသင်းမီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်က ပြောသည်။
“သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကတော့ ဆိုင်ကယ်လမ်းချော်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တာလို့ ကောက်ချက်ချကြတယ်။ ကျနော်တို့တွေ့တဲ့အချိန်မှာလည်း ဒီတိုင်းတွေ့ခဲ့ရတာပါ။ ဘာကြောင့်ဆိုတာကို အတိကျမသိရသေးပါဘူး” ဟု ၄င်းကဆိုသည်။
ယင်းကစားသမားအတွက် အသင်းမှ အပြည့်အဝကူညီဆောင်ရွက်နေပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကာ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
ယနေ့နံနက်ပိုင်းက ကိုဇော်သိန်းဝင်းကို အသင်းဒု-ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် နေထက်လင်း နှင့် အသင်းတာဝန်ရှိသူများ၊ အသင်းကစားသမားများ လာရောက်ကြည့်ရှုခဲ့ကြသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စစ်တွေမြို့ရှိ အသင်းပိုင်ဝေသာလီဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)တွင် ဧည့်သည် အားကာသိပ္ပံအသင်းကို ၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။




