
ချလူးအောင် | DMG
ဇူလိုင် ၂၅၊ စစ်တွေ
ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြိုင်ကို ဆက်သွယ်ထားသည့် တံတားအနီး ယနေ့ဇူလိုင်လ ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုင်း (၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တပ်မတော်က ချွတ်ပြင်ကျေးရွာသို့ ဝင်ရောက်လာခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
လူဦးရေ (၅၀၀)ခန့်နေထိုင်သည့် ချွတ်ပြင်ကျေးရွာသို့ တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာသဖြင့် စိုးရိမ်မှုများရှိသောကြောင့် စေတီပြင်ကျေးရွာသို့ ရွာလုံးကျွတ်ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
“ဘယ်သူဖောက်တာလဲ မသိပါဘူး။ ထိခိုက်မူရှိ၊ မရှိလည်းမသိပါ။ ဘယ်သူမှ မသွားရဲပါဘူး။ ပေါက်ကွဲပြီး နာရီဝက်လောက်မှာ ချွတ်ပြင်ကို စစ်တပ်က ၀င်ရောက်လာတဲ့အတွက် ရွာသူ၊ရွာသားတွေအားလုံး စေတီပြင်ကျေးရွာကို ထွက်ပြေးသွားကြတာပါ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက် သွယ်ရာတွင် “နောက်မှ မေးပါ။ မအားသေးလို့ပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ အမ်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည်။
ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား အရှေ့မြောက်ဖက် (၂)ကီလိုမီတာအကွာအဝေး တောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က သတင်းထုတ်ပြန်ထားသည်။




