
ခိုင်ရိုးလ | DMG
ဇူလိုင် ၂၂၊ မြေပုံ
ရခိုင်အမျိုးသမီးများအစည်းရုံး (RWU) ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ မြေပုံမြို့နယ် အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ တစ်ဦးအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် အသေရေဖျက်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားခံထားရကြောင်း ကာယကံရှင်ထံမှ သိရသည်။
တရားစွဲခံထားရသူမှာ ဒေါ်နုအေးရီ ဖြစ်ပြီး ဆက်သွယ်ရေးလူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် ပြီးခဲ့သည့် မေလက ရေးသားခဲ့သည့် ပို့စ်တစ်ခု၌ RWU အဖွဲ့မှ စောခက်ခက်က သူ့ ဂုဏ်သိက္ခာကို ထိခိုက်သည်ဆိုသည့် အချက်နှင့် တရားစွဲခံရခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။
“ ဖေ့စ်ဘုတ်ထက်မှာ စကားပြောရင်းနဲ့ တရားစွဲခံရတာပါ။ သူက RWU ခွဲထွက်အဖွဲ့ကပါ။ သူများတင်ထားတဲ့ ပို့စ်မှာ ဝင်ပြောရင်းနဲ့ ဖြစ်သွားကြတာပါ။ ကျွန်မက သူ့ကို မနာလိုဝန်တိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ရှုပ်တယ်မြင်လို့ ရှုပ်တယ်လို့ပြောတာပါ။ တရားစွဲထားတော့လည်း တရားဥပဒေအတိုင်း ရင်ဆိုင်သွားပါမယ်။” ဟု ဒေါ်အေးနုရီကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ယနေ့ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် ရဲစခန်းက ဒေါ်အေးနုရီကို စခန်းသို့ ခေါ်ယူမေးမြန်းခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။
ရခိုင်အမျိုးသမီးအစည်းအရုံးမှ အဖွဲ့ဝင်တို့သည် သူတို့အဖွဲ့စည်း၏ Facebook Page တွင် တင်ထားခဲ့သော Post တစ်ခု၏ Comment ထဲတွင် အချင်းချင်းစကားပြောရာမှ ဒေါ်နုအေးရီမှ စောခက်ခက်ကို အညှီဆအဟောက်မ ဆိုသည့် အသုံးနှုန်းအပြင် ဂုဏ်သိက္ခာကို စော်ကားသည့် ရေးသားမှုများအတွက် ဇွန်လ ၁၆ ရက်နေ့က စစ်တွေမြို့ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုခဲ့သူ စောခက်ခက် ကပြောသည်။
“ ကျွန်မကို အညှီအဟောက်မပေါ့နော်။ ဗမာပြည်မှာ ပြဲပြဲစင်လို့ ရခိုင်ပြည်မှာ လာပြီးနေတာလားတို့။ နောက်ပြီးတော့ အဖွဲ့မှာနေရာရချင်လို့ ဘာတို့ပြောတယ်။ ဆိုတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားလာမှုမှာ သည်းညဉ်းမခံနိုင်ဘူး။ ကျွန်မကို တိုက်ရိုက် mention ခေါ်ပြီးတော့ အသရေဖျက်တာဖြစ်တယ်။ ဒါကြောင့် စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်” ဟု စောခက်ခက်က ပြောသည်။
လက်ရှိတွင် ဒေါ်နုအေးရီမှာ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။
ယခုကဲ့သို့ ဒေါ်နုနုရီကို အမှုဖွင့်ရခြင်းမှာ စောမြရာဇာလင်းခေါင်းဆောင်သော RWU အဖွဲ့၏ ဗဟိုကော်မတီဝင်တစ်ဦးကို အမှုဖွင့်ခြင်းသာဖြစ်ပြီး ANP ပါတီဝင်ကို အမှုဖွင့်ခြင်းမဟုတ်ဟုလည်း စောခက်ခက်က ပြောသည်။
ရခိုင်အမျိုးသမီးများအစည်းအရုံးမှာ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိကျင်းပသော (၅) ကြိမ်မြောက်ညီလာခံ နောက်ဆုံးနေ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်နိုင်ရန်၊ ဖွဲ့စည်းပုံအခြေနေ ဆွေးနွေးရာတွင် ဗဟိုကော်မတီဝင်များ အချင်းချင်း သဘောထားကွဲလွဲမှုများကြောင့် နှစ်ဖွဲ့ကွဲသွားရခြင်းဖြစ်သည်။
ယခုအမှုတွင် တရားစွဲခံရသူ ဒေါ်နုအေးရီမှာ စောမြရာဇာလင်းဦးဆောင်သော အဖွဲ့မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး တရားစွဲဆိုသူ စောခက်ခက်မှာလည်း စောစံငြိမ်းသူ ဦးဆောင်သည့် အဖွဲ့မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။




