ကျော်သူဌေး | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ
လာမည့် ဖေဖော်ဝါရီလမှစတင်ကာ ဦးစားပေးရမည့် အစုအဖွဲ့တစ်ခုဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်အတွက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“အစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး စတင်ထိုးပေးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုကလည်းများပါတယ်” ဟု ပြောသည်။
ပထမဆုံး ကာကွယ်ဆေးတစ်သုတ်ရရှိရေးအတွက် အိန္ဒိယနိုင်ငံနှင့် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သလို ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်လျှင် မြန်မာနိုင်ငံအတွင်းကို တင်သွင်းနိုင်ရန် စီစဉ်ထားကြောင်းလည်း ဆိုသည်။
“ပထမဆုံးကာကွယ်ဆေးတစ်သုတ် အိန္ဒိယနိုင်ငံမှရရှိရေးအတွက် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာနိုင်ငံအတွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သို့သော်လည်း ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးမှ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ယှဉ်ပြိုင်မှု များသော်လည်း ၂၀၂၁ ခုနှစ်တစ်လျှောက် ကာကွယ်ဆေးထိုးပေးရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မည်ကို ယူဆရသည်ဟုလည်း ပြောသည်။
ယင်းအပြင် ပြည်သူများအနေဖြင့်လည်း ကာကွယ်ဆေးမထိုးမီကာလအတွင်း ကျန်းမာရေး စည်းမျဉ်း၊စည်းကမ်းများကို လိုက်နာပြီး ကိုဗစ်-၁၉ ရောဂါ အောင်နိုင်ရေးကို ပံ့ပိုးပေးရန် ပြည်သူများကို မေတ္တာရပ်ခံခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ ယခင်ကထက် လျော့နည်းလာသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
တစ်ဖက်မှာလည်း ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသည့် Stay at home နေရန် ပြည်သူသို့ အမိန့်  ပန်ကြားချက်များအား ဇန်နဝါရီလကုန်အထိ ထပ်မံသက်တမ်းတိုးလိုက်သည်ဟု အစိုးရမှ ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် စတင်ထိုးနေပြီ ဖြစ်ကြောင်း သိရသည်။




