ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၂၊ ရသေ့တောင်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာသားတစ်ဦးကို စစ်တွေခရိုင်တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က DMG သို့ပြောသည်။
အသက် (၅၀)နှစ်အရွယ် အိုးဖောက်(ခေါ်)ဦးမောင်စံသိန်းကို ကုန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကပင် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ရုံးထုတ်တွင် အပြစ်မရှိသည့်အတွက် စွဲချက်မတင်ဘဲ လွှတ်ပေးရန် ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ အပြစ်မရှိတဲ့အတွက် စွဲချက်မတင်ဘဲ စစ်တွေခရိုင်တရားရုံးကနေ လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာ” ဟု ဒေါ်အေးနုစိန်က ပြောသည်။
၎င်းကို အငူမော်ရှိ အဲလ်ရှားဝါးဇက်ဆိပ်ကမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်က လာရောက်ကာ လက်လုပ်ဗုံးတွေ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၁(ဂ)၊ ၅၂ (က)တို့ဖြင့် အငူမော် ရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။




