ချလူးအောင် | DMG
မတ်လ ၂၂၊ မောင်တော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ရွှေထည် (၉)ကျပ်သားခန့်ကို ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်အကောက်ခွန်ရုံးက သိရသည်။

မတ်လ ၂၀ ရက်နေ့က နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို စစ်ဆေးရန်ဖွဲ့စည်းထားသည့် အဖွဲ့(၉)ဖွဲ့ပါ ပူးပေါင်းအဖွဲ့က ပြည်ဟိန်းကျော် စက်လှေ၏ ပဲ့ထိန်းဖြစ်သူ ဟာဆောင်းအာလီ( ၃၂ နှစ်)၏ ခန္ဓာကိုယ်တွင်သို ဝှက်ထားသည့် ကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားကပ် စသည့်ရွှေထည် (၉)ကျပ်သားခန့်ကို ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က ဖမ်းမိတဲ့ပစ္စည်းနဲ့ပဲဆိုင်တယ်။ ဖမ်းမိတဲ့ပစ္စည်းကို အကောက်အခွန်ဥပဒေအရ အမှုဖွင့်လှစ်ထားတယ်။ လူကိုကျတော့ ရဲက အမူဖွင့်မှာဖြစ်တယ်” ဟု အကောက်ခွန်ရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ဟာဆောင်းအာလီကို (ပ)၁၁/၂၀၂၀၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မောင်တောမြို့နယ်ရဲစခန်းမှ သိရသည်။

Author: Admin