မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု လျော့နည်းလာသည့်အတွက် ကွာရန်တင်းစင်တာအချို့လည်း ယာယီပိတ်ထားကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်းမှ စတင်ကာ သိသိသာသာလျော့နည်းလာသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

“အရင်တုန်းကဆိုရင် လူတစ်ရာစစ်ဆေးရင် အယောက် ၃၀ လောက် တွေ့ရှိခဲ့တယ်။ ဒီဇင်ဘာလကစလို့ တချို့ရက်တွေဆိုရင် သုညတော့ ဘာတော့ အဖြေထွက်ပါတယ်။ အဲဒါမျိုးထွက်တဲ့အချိန်မှာ ကျနော်တို့က တစ်ရက်ကို  သုံးရာလေးရာလောက်စစ်တာလေ။ ဆိုတော့ ပိုးတွေ့ရှိမှုနှုန်းက ၁ ရာ ခိုင်နှုန်း အောက်မှာရှိတယ်” ဟု ဆိုသည်။

လူဦးရေ အများအပြားနေထိုင်ရန် အဆင်ပြေသည့် စစ်တွေတက္ကသိုလ်ကျောင်း ကွာရန်တင်းစင်တာ၊ အထက (၄) ကွာရန်တင်းစင်တာနှင့် တက္ကသိုလ်ကျောင်းဟောင်း ကွာရန်တင်းစင်တာတို့တွင် ကိုဗစ်ပိုးရှိသူနှင့် ဆက်စပ်ခဲ့သူများကို ထားရှိခဲ့သည်။

“အောက်တိုဘာ နောက်ဆုံးအပတ်ကစပြီး လျော့နည်းလာတာပါ။ နိုဝင်ဘာ ဒီဇင်ဘာလ လောက်က သိသိသာသာကြီး လျော့နည်းသွားပါတယ်။ အရင်တုန်းကဆိုရင် ကွာရန်တင်းစင်တာ ၂ ခုပေါင်းရင် ကွာရန်တင်းဝင်သူ စုစုပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်။ အခုဆိုရင် ကွာရန်တင်း  ဝင်သူ ၂ ယောက်တည်းရှိပြီ။ ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင်တော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်ပေါ့နော်။ ကိုဗစ် ဒုတိယလှိုင်းစဖြစ်ခဲ့တဲ့ အချိန်တုန်းကနဲ့နှိုင်းယှဉ်ရင်ပေါ့နော်”ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တာဝန်ခံ ကိုကျော်ဌေးဦးက ဆိုသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့နယ်တွင် နေထိုင်သည့် မိဘပြည်သူများအနေဖြင့် မိမိနေအိမ်တွင် (Stay at Home) နေထိုင်ရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန် ဈေးဝယ်မည်ဆိုပါက (၁) အိမ်လျင် (၁) ဦး၊ ဆေးခန်းပြသမည်ဆိုပါက (၁) အိမ်ထောင်လျှင် ၂ ဦးသာ နေအိမ်ပြင်ပသို့ထွက်ခွာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အရေးကြီးစီးပွားရေး လုပ်ငန်းကိစ္စများ၊ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအတွက် စစ်တွေမြို့နယ်မှ တခြားမြို့နယ်များသို့ သွားမည်ဆိုလျှင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များနှင့်သာ ခရီးသွားလာကြရန်နှင့် မပါရှိပါက ကျောက်တန်းဂိတ်နှင့် ရေယာဉ်ဂိတ်များတွင် စစ်ဆေးအရေးယူမည်ဟု ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ခရိုင်အုပ်ချုပ်မှူးမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၄၀၆၅ ဦးရှိပြီး သေဆုံးသူ ၃၅ ဦး ရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီ ၅ ရက်နေ့ စာရင်းအရ သိရသည်။

Author: Admin