
ကျော်သူဌေး | DMG
အောက်တိုဘာ ၂၄ စစ်တွေ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးရှောင်များနေထိုင်ရန် မြေနေရာချမပေးသောကြောင့် ကျောက်တော်မြို့ နယ်၊ဝါးတောင်ကျေးရွာသို့ လာရောက်ခိုလှုံနေကြသူများမှာ မြေနေရာငှားရမ်း၍ နေထိုင်နေရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ရွှေဘုက DMG ကိုပြောသည်။
ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၂၀၀)ကျော်နှင့်လူဦးရေ (၁၂၀၀)ကျော်ခိုလှုံနေကြသည်။ ၎င်းတို့သည် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလအစောပိုင်းကစတင်ပြီး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲ ကြောင့် ခမောင်း၊တဲဝ၊ပညာကြီး၊ချင်းမဝန်တောင်း၊င/စရိုင်းကိုင်း စသည့်ကျေးရွာများက ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် ကျေးရွာရှိ လယ်(၅)ဧကတွင် စစ်ဘေးရှောင်စခန်းဆောက်လုပ်ပေးထားပြီး တစ်နှစ်လျှင် တစ်ဧကကို (၅)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၅)သိန်းပေးချေရကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူး ဦးစိန်ရွှေဘုက ပြောသည်။
“မြေပိုင်ရှင်တွေကို ငွေပေးချေရတဲ့အခါ ဆရာတော်တွေနဲ့ ကျနော်တို့ က ပေးထားရတာကြောင့် အခက်အခဲရှိတယ်။အခုလို မြေငှားနေထိုင်ရတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထား တယ်။စီစဉ်ဆောင်ရွက်ပေးမယ်လို့ ပြောပြီးအခုချိန်ထိ ပေးတာမတွေ့ ရသေးဘူး။ များပြားတဲ့ ငွေပမာမဟုတ်တာကြောင့် အစိုးရအနေနဲ့ ကြည့်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်များနေထိုင်နိုင်ရန်အတွက် မြို့နယ်အလိုက်အဆောက်အဦများဆောက်လုပ်နေပြီး ယင်းနေရာများ တွင် နေရာချပေးမည်ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
“ကျနော်တို့ အခု စစ်ဘေးရှောင်တွေ နေရာချထားရေးအတွက် အဆောက်အဦတွေ ဆောက်နေ တယ်။ အဲဒီအဆောက်အဦတွေမှာ ပြန်ပြီးနေရာချထားမယ်။စစ်ဘေးရှောင်တွေကို ယာယီနေရာ တကျ နေထိုင်နိုင်အောင် မြို့ နယ်အလိုက်အဆောက်အဦတွေ ဆောက်ပေးနေတယ်။အဲဒီနေရာတွေမှာ နေရာချထားနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် (၆၄၀၀၀)ကျော်ရှိပြီး စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး စသည့်အခက် အခဲများနှင့်ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။




