နှင်းနွယ် | DMG
အောက်တိုဘာ ၂၉ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စက္ကေရကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် အမျိုးသမီးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ယနေ့(အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်းက ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံများထံမှသိရသည်။
ကျည်ထိမှန်သွားသူများမှာ စက္ကေရကျေးရွာမှ မသန်းသန်းစိုး (၁၄)နှစ်၊ မဌေးဌေးဝင်း(၁၂)နှစ်နှင့် ဦးမောင်ကျော်နု (၇၀)နှစ်တို့ဖြစ်ကြသည်။
ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်ဘက်မှ မင်းပြားမြို့နယ်ဘက်သို့လာသည့် တပ်မတော်ရေယာဉ်နှစ်စီးသည် ပေါက်တောမြို့အလွန်မှ စတင်၍ မင်းပြားမြို့နယ်အဝင်ထိ မြစ်ကြောင်းတစ်လျှောက်တွင် လက်နက်ကြီးငယ် များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
မင်းပြားမြို့နယ် မြစ်ကြောင်းအတွင်းရှိသည့် ပလိပေါက်ကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က “သူတို့(တပ်မတော်က) စစ်တွေကနေ မင်းပြားဘက်ကိုပစ္စည်းပို့ဖို့လာတာ။ ပေါက်တောကနေ မင်းပြားမြစ်ကို ဝင်ကတည်းက မြစ်ကြောင်းတစ်လျှောက်ပစ်လာတာပါ။ ကျွဲတွေ၊ နွားတွေလည်းသေတယ်။ နောက်ပြီး လူတွေ ကိုလည်းထိသွားတယ်။ ပစ်သံကြားလို့ ကြောက်ပြီးပုန်းနေကြတဲ့အချိန်မှာ ကျည်ကထိမှန်သွားတာ” ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် မသန်းသန်းစိုးတွင် တင်ပါး၌ကျည်ထိမှန်ဒဏ်ရာ၊ ဦးမောင်ကျော်နုတွင် ပုခုံး၌ကျည်ထိ မှန်ဒဏ်ရာ၊ မဌေးဌေးဝင်းတွင် လက်ညိုးပြတ်ထွက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ဦးကျော်ထင်က ဆိုသည်။
ယင်းသို့ဒဏ်ရာရရှိသူများထဲမှ မသန်းသန်းစိုးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ပေါက်တောမြို့နယ်ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။ ကျန်နှစ်ဦးမှာ ပေါက်တော ဆေးရုံတွင်တစ်ဦးနှင့် ကျေးရွာတွင်တစ်ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း သိရသည်။
ပေါက်တောမြို့နယ်တွင် ယခင်ကတိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း ယနေ့နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။
“တည်ငြိမ်နေတဲ့အနေအထား တစ်ခုမှာ အခုလိုခြောက်လှန့်လိုက်တာဟာ ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းမှုကို သွယ်ဝိုက်တဲ့နည်းနဲ့ အနှောင့် အယှက် ပေးလိုက်တာပဲ” ဟု ၎င်းကဆိုသည်။
တပ်မတော်ရေယာဉ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကြောင်း တစ်လျှောက်ရှိကျေးရွာများတွင် နေအိမ်ပျက်စီးမှုများရှိကြောင်းနှင့် ပေါက်တောမြို့တွင်လည်း ဈေးဆိုင်များ ပိတ်ထားကြကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုများကြောင့် ဒေသခံများထိခိုက်မှုရှိသည်ဆိုသော ပြောဆိုမှုများ အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်း ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လမှ အောက်တိုဘာ ၂၉ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားစုစုပေါင်း ၄၆ ဦးအထိ သေဆုံးမှုရှိခဲ့သည်။




