ရခိုင်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိ ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိစစ်သည် ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၀ ရက်) အွန်လိုင်းမှပြုလုပ်သည့် နိုင်ငံတော်သမ္မရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

By မင်းထွန်း 10 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိစစ်သည် ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၀ ရက်) အွန်လိုင်းမှပြုလုပ်သည့် နိုင်ငံတော်သမ္မရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲများသည် ARSA နှင့် AA အဖွဲ့များနှင့် ရင်ဆိုင်နေရသည့်အတွက် နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ရင်းအသစ်ဖွဲ့ရန် တပ်မတော်အရာရှိ ၅၁ ဦးကို လိုအပ်ချက်အရ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဦးဇော်ဌေးကဆိုသည်။

“ကျနော်တို့အဓိက လိုအပ်ချက်ပေါ့။ အခုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ နယ်ခြားစောင့် ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့ မှာပါ။ အဲတာက နယ်ခြားစောင့်ရဲရဲ့ သဘောသဘာဝနဲ့ နယ်မြေရဲရဲ့ သဘောသဘာဝမတူဘူး။ အခု ရခိုင် ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတွေက ဒီ ARSA၊ AA ဒီလိုအကြမ်းဖက် အဖွဲ့အစည်း တွေနဲ့ရင်ဆိုင်နေ ရတယ်။ ပြောရရင်တော့ တိုက်ခိုက်ရေးကိုဦးစားပေးတဲ့ အဖွဲ့တွေဖြစ်တယ်။ ဖြစ်တော့ ဒီမှာ လိုအပ်ချက်အရ ခုနကပြောတဲ့ ၅၁ ယောက်ပေါ့၊ဒုတိယဗိုလ်မှူးကြီးကနေပြီးတော့ ဗိုလ်ကြီးအဆင့်အထိ ၅၁ ယောက်ရှိပါတယ်” ဟု သူကပြောသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင်ပါဝင်သည့် တပ်မတေ်ာအရာရှိများသည် တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လျှင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် ဒုတိယရဲမှူးကြီးအနေဖြင့် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

“အဓိက နယ်ခြားမှာ နယ်ခြားစောင့်တပ်ဖွဲ့မှာလိုအပ်ချက်အရ ဒါကို ရွှေ့ပြောင်းတာဖြစ်ပါတယ်။ ဒါတွေက ကက်ဘိနက်လည်း ခွင့်ပြုချက်ပြီးသွားပါပြီ။ ပြီးသွားတော့ အခုတပ်ဖက်ကနေပြီးတော့ ရဲဖက်ကိုတော့ သတင်း ပို့နိုင်တာမရှိသေးဘူးပေါ့။ သူတို့ လွှတ်လိုက်ပြီ၊ ကက(ထူး)အမိန့်ပေါ့။ စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အမိန့်၊ ပြောင်းရွှေ့ မိန့်တွေထွက်သွားပြီလို့သိရတယ်။ ဒါက လိုအပ်ချက်အရ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြောင်းတဲ့အခါမှာလည်း ဥပမာ-ဒုတိယဗိုလ်မှူးကြီးဆိုရင် ဒီဘက်မှာ ဒုတိယရဲမှူးကြီးရပါမယ်။ အဲတော့ပြောရရင် အဆင့်တူနဲ့ ပြောင်းရွှေ့တာဖြစ်တယ်။ ဒါတွေက လိုအပ်ချက်အရ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာဖြစ်တယ်လို့ ဖြေကြား လိုပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်နီးပါးအချိန်ကာလ အတွင်းတွင် နယ်ခြားစောင့်ရဲကင်းစခန်းများလည်း တိုက်ခိုက်ခံရမှုများရှိနေသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းကလည်း မောင်တောမြို့နယ် ကျောက်ပန်းဒူကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း တပ်မတော်သားများနှင့်အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။