DMG | ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးကို ဖြစ်နိုငသမျှ နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၈ ရက်)က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ ကျွန်တော်တို့ရဲ့အပြင်းပြဆုံး ဆန္ဒ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့က ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးပြီး အဖွဲ့ဝင် ၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းနောက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို အဖွဲ့(၇)ဦးဖြင့် ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်း လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သဖြင့် အလေးထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် EAO များအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ထားသည်။

ယင်းအပြင် ပြည်တွင်းနေရပ်စွန့်ခွာသူများ(IDP Camp)များကိုလည်း နေရပ်ပြန်ရေး ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများကိုပါ နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ နိုင်ငံ၏ရပ်တည်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေသည်မှာ (၃)လကျော်အထိ ရှိနေပြီး စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်သူများရှိသည့်အတွက် စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော်အထိ ရှိကြောင်း ရခိုင်တိုင်းသားရင်းမျိုးနွယ်များ အစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

Author: DMG