မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ အသွားအလာကန့်သတ်ထားသော သာသနာ့ဗိမာန် စစ်ဘေးရှောင် စခန်းတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
သာသနာ့ဗိမာန် စစ်ဘေးရှောင်စခန်းတွင် ပုဂ္ဂလိကအလှူရှင်များထံမှ လှူဒါန်းထားသည့် ရေသန့် ၁ လီတာဗူး ၃၀ ကဒ်၊ ပဲ ၁၀ ပိဿာနှင့် ဆီ ၁ လီတာ ၁၉ ဗူးသာရောက်ရှိပြီး ယခင်လမှကျန်ရှိသော ဆန်တို့ကို မျှဝေကာ စားသောက်နေရကြောင်း စစ်ဘေးရှောင်စခန်းတွင် ကူညီဆောင်ရွက်ပေးနေသူ ဦးကျော်အေးက ပြောသည်။
“စားဝတ်နေရေး အခက်အခဲရှိတဲ့အပြင် အလုပ်လည်းမလုပ်ရတဲ့အတွက် ငွေရေးကြေးရေးလည်း တော်တော် အခက်အခဲဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
ကျောက်တော်မြို့နယ် သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်အောက်တိုဘာ ၁၅ ရက်နေ့က အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ပိုးတွေ့ပြီးနောက် ၎င်းစခန်းအား အသွားအလာ ကန့်သတ် လိုက်ခြင်းဖြစ်သည်။
အဆိုပါ စစ်ရှောင်စခန်းအား အသွားအလာကန့်သတ်ထားပြီးနောက် လစဉ်လူတစ်ဦးလျှင် ငွေ ၁၅၀၀၀ ကျပ် ထောက်ပံ့ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ အစိုးရမှ လစဉ်ထောက်ပံ့ဆန်၊ ကိုဗစ်ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ် စသည်တို့မှာ မရသေးကြောင်း စစ်ဘေးရှောင် ဦးကျော်သောင်းကပြောသည်။
“အရင်က ကျန်ခဲ့တဲ့ ဆန်တွေနဲ့ မရှိတဲ့သူက ရှိတဲ့သူတွေဆီက ချေးငှားပြီးစားတယ်။ စစ်ဘေးရှောင်စခန်းက လူတွေနဲ့ရင်းနှီးတဲ့သူတွေက ဟင်းသီးဟင်းရွက်တွေ လာပို့ပေးကြတယ်။ ပြောရမယ်ဆိုရင် ထမင်းတစ်ခုတည်း စားနေရသလိုပါ။ အလုပ်အကိုင်မရှိတော့ ဟင်းသီးဟင်းရွက်တွေလည်း ကိုယ်တိုင်ဝယ်စားလို့မရတော့ ပိုပြီး ခက်ခဲတယ်။ အလှူရှင်တွေအနေနဲ့လည်း လာရောက်လှူဒါန်းပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သူနှစ်ဦးမှာလည်း negative ထွက်ရှိသည့်အတွက် စောင့်ကြည့်လူနာ အဖြစ်ထားရှိပြီး စစ်ဘေးရှောင်စခန်းကိုလည်း တနေ့တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုများပေးထား ကြောင်းလည်း ကျောက်တော်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးက ပြောသည်။
ယင်း စစ်ဘေးရှောင်စခန်းအား မည်သို့ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းအား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကာလအတွင်း စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိလာသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။




