မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၇၊ စစ်တွေ
စစ်တွေမြို့၊ ကမ်းနားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွား၍ မိန်းကလေးတစ်ဦးသေဆုံးကာ ယောက်ျားလေးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု စစ်တွေမြို့၊ အမှတ် (၂၀) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ် နေလင်း ကပြောသည်။
အသက် (၁၈)နှစ်အရွယ် မောင်အာဂျီးနှင့် အသက် (၁၄)အရွယ် မဆိုနီးတို့သည် ကမ်းနားလမ်းတွင် ဆိုင်ကယ်ဖြင့် သွားလာစဉ် အရှိန်လွန်ကာ အုတ်တံတိုင်းကို တိုက်မိသွားသည်ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် မိန်းကလေးမှာ ဦးခေါင်းထိခိုက်ပြီး ဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးသွားသည်။ ယောက်ျားလေးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသည်။
စစ်တွေမြို့တွင် ယာဉ်တိုက်မှုများမကြာခဏဖြစ်ပေါ်နေပြီး ၂၀၂၀ ခု၊ ဇန်နဝါရီလမှ လက်ရှိအချိန်ထိ ယာဉ်တိုက်မှု(၅)မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၄ ဦးရှိသည်ဟု စစ်တွေမြို့ အမှတ် ၂၀ ယာဉ်ထိန်းတပ်ဖွဲ့စုမှ သိရသည်။
“ကျနော်တို့အနေနဲ့ ယာဉ်တိုက်မှုနည်းပါးလာအောင် လမ်းတွေမှာ အသိပညာပေးမှုတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဌာနဆိုင်ရာတွေ၊ တက္ကသိုလ်တွေ၊ ဟောပြောပွဲမှာ သတင်းအချက်အလက်တွေပေးပြီးတော့ စစ်ဆေး အရေးယူနေပါတယ်” ဟု ဒုရဲအုပ် နေလင်းက ပြောသည်။
ဆက်စပ်သတင်း - ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော ရခိုင်ဘောလုံးသမားကွယ်လွန်




