ခိုင်ရိုးလ/DMG

ဇွန်လ ၂၈၊စစ်တွေ

ရခိုင်အမျိုးသားပါတီ(ANP)က လွှတ်တော်ကိုယ်စားလှယ် အများစုရှိနေသော ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ တင်လိုက်သည့် အဆိုများသည် အတည်ပြုလိုက်နိုင်သော်လည်း အစိုးရက အကောင်အထည်ဖော်သည့်အပိုင်းတွင် အားနည်းချက်များ ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားကြသည်။

ယခုလည်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ယာယီဖြတ်တောက်ထားသော အင်တာနက်လိုင်းများအား အမြန်ဆုံး ပြန်လည်သုံးစွဲခွင့်ပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဇွန်လ ၂၄ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အတည်ပြုလိုက်သော အဆိုများကို အစိုးရက ဆောင်ရွက်ပေးမှု အားနည်းနေသောကြောင့် ယခုအဆိုကိုလည်း အလေးထား၊မထား စောင့်ကြည့်ရဦးမည်ဟု ပုဏ္ဏားကျွန်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သန်းတင်က DMG ကိုပြောသည်။

“ အမှန်က ပြည်နယ်လွှတ်တော်က အဆိုအောင်မြင်တဲ့အခါ ဗဟိုအစိုးရအနေနဲ့ လုပ်ပေးရဖို့ တာဝန်ရှိတယ်လေ။ အဲဒါ မလုပ်ပေးတော့ ဒီမိုကရေစီစနစ်တော့ မဟုတ်တော့ဘူး။ အာဏာရှင်စနစ်လိုပေါ့။ အခုလည်း ဒီအဆိုကို လုပ်ပေးဖို့၊မလုပ်ပေးဆိုတာကို စောင့်ကြည့်ရအုံးမယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ပြည်နယ်လွှတ်တော်မှ အဆိုတစ်ချို့ကိုလည်း ပြည်ထောင်စုအစိုးရက ဖြေဆိုမှုမှာ လွဲချော် မှုများရှိနေပြီး ယခု အောင်မြင်ခဲ့သော “အင်တာနက် ပြန်လည်ဖွင့်ပေးရေး ”အဆိုသည် အစိုးရအနေဖြင့် အလေးထားသင့်သည်ဟု ဦးအောင်သန်းတင်က ပြောသည်။

“လုပ်ဖို့မလုပ်ဖို့အပိုင်းကတော့ ပြည်ထောင်စုအစိုးရအပိုင်း၊ မလုပ်ပေးရင်တော့ အစိုးရအနေနဲ့ ပြည်သူကို ဆန့်ကျင်တဲ့သဘောပေါ့။ ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်သူ့စကားကို နားမထောင်ရာကျတယ် ”  ဟု ၄င်းကပြောသည်။

အင်တာနက် ပြန်ဖွင့်ရေးအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးတင်ပြရဦးမည်ဟု ပြည်နယ် လျှပ်စစ်၊ လမ်းပန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဆိုသည်။

“ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စုအစိုးရကပဲ အဲဒီအင်တာနက်ကိစ္စကို ကိုင်တွယ်တဲ့အတွက်ကြောင့် ပြည်ထောင်စုကိုပဲ ဆွေးနွေးတင်ပြသွားရမယ်။ ဒါပဲရှိပါတယ် ” ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ် (၉)ခုကို ဇွန်လ ၂၁ ရက်နေ့ကစတင်ကာ အင်တာနက် ယာယီပိတ်ပင်ထားသည်။ တိုက်ပွဲဖြစ်ပွား၍ ပြည်သူများ ဒုက္ခရောက်ရှိနေသော မြို့နယ်များကို အင်တာနက်လိုင်း ဖြတ်တောက်ခြင်းသည် စစ်မက်ဖြစ်ပွားရာ နေရာက ပြည်သူများအား ဒုက္ခတွင်းနက်သို့ ကျစေရန် တွန်းပို့ခြင်းကဲ့သို့ ဖြစ်နေသဖြင့် အင်တာနက် ပြန်ဖွင့်ပေးရန်  ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို  ပြည်နယ်လွှတ်တော်အနေဖြင့် အသိအမှတ်မပြုရန် ပြည်နယ် လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သော်လည်း ယင်းကော်မရှင်ကို ပြည်ထောင်စု အစိုးရက ဖွဲ့စည်းလိုက်သောကြောင့် အဆို အောင်မြင်မှုမှာ အရာမထင်ခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ (ဌ) (၁)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်အား တာဝန်ခံရမည်။ (၂)တွင်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရ မည်လို့ ဖော်ပြထားသည်။

 

Author: ခိုင်ရိုးလ