နေရောင်မင်း | DMG
ဖေဖော်ဝါရီ ၉၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံအနီးရှိ စစ်တွေတက္ကသိုလ်ကျောင်းဟောင်းဝင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသောကြောင့် ကျောင်းသား၊ ကျောင်းသူ အဆောင်ဟောင်းတစ်ချို့နှင့် ဝန်ထမ်းအဆောင်ဟောင်း စုစုပေါင်းသုံးဆောင်ခန့် မီးလောင်ကျွမ်းသည်ဟု ကျောင်းအနီးရှိ ဒေသခံများထံက သိရသည်။
ယင်းမီးသည် အဆောင်ဟောင်းတစ်ခုက စတင်လောင်ကျွမ်းခြင်းဖြစ်သော်လည်း မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။ ယင်းအဆောင်များမှာ သွပ်မိုး၊သစ်သားများဖြင့် ဆောက်လုပ်ထားသည့် အဆောင်ဖြစ်ကာ မီးလောင်မှုကြောင့် လုံးဝပျက်စီးသွားသည်။ ယင်းအဆောင်များတွင် လူနေထိုင်ခြင်းမရှိပေ။
“အစတုန်းကတော့ လေတိုက်လို့မိုးရွာနေတယ် ထင်တယ်။ ကြည့်လိုက်တော့ နီရဲလို့မြင်တယ်။ ဆိုတော့ မီးလောင်တယ်၊ မီးလောင်တယ်ဆိုပြီး ကိုယ့်အိမ်က ကျောင်းသားတွေက အိမ်ပတ်ဝန်းကျင်ကို(မီးမကူးရအောင်) ရေဖြန်းကြတယ်။ လေကလည်း တအားတိုက်နေတော့ တော်တော်စိုးရိမ်သွားတယ်” ဟု ကျောင်းအနီးက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုကို ပြည်နယ်မီးသတ်တပ်ဌာနအပါအဝင် မီးသတ်ကားစုစုပေါင်း (၁၀)စီးခန့်ဖြင့် ငြိမ်းသတ်ခဲ့ကြရပြီး ညနေ ၄ နာရီ မိနစ် (၂၀)ခန့်တွင် မီးငြိမ်းသွားသည်ကို တွေ့ရသည်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပေ။
ယင်းတက္ကသိုလ်ဟောင်းကျောင်းဝင်းအတွင်းတွင် သစ်ပင်ငယ်များ၊ ချုံပုတ်များ၊ အမှိုက်များရှိနေသောကြောင့် မီးအန္တရာယ်၊ မြွေအန္တရာယ်များကို စိုးရိမ်နေရသဖြင့် ချုံပုတ်၊ အမှိုက်များကို သက်ဆိုင်ရာက အမြန်ဆုံးရှင်းလင်းရန် ကျောင်းအနီးက ဒေသခံများ လိုလားနေကြသည်။




