ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

အောင်ထိန် | DMG
မေ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို Mask တပ်ဆင်ထားသူလေးဦးမှ ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့(မေလ ၂၅ ရက်) နံနက် ၈ နာရီကျော်က စစ်တွေမြို့ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည် စက်ပစ္စည်းတစ်ခု ဝယ်ယူရန်အတွက် နေအိမ်မှဆိုင်ကယ်ဖြင့်ထွက်လာပြီး မောလိပ်ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် လူ ၄ ဦးမှ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး၏ညီဖြစ်သူ ကိုအောင်နိုင်ဝင်းက DMG သို့ ပြောသည်။

“ကျွန်တော့်အကိုက ကွမ်းဝယ်နေတဲ့အခါ အမည်မသိ mask တပ်ထားပြီး မျက်မှန်တွေတပ်ထားတဲ့ လူလေး ယောက်ကလာတယ်။ ပြီးရင် နှစ်ယောက်ကဖမ်းချုပ်ပြီး ကျန်နှစ်ယောက်က ဓားနဲ့ထိုးသတ်သွားတယ်လို့ သိရတယ်”ဟု ကိုအောင်နိုင်ဝင်းက ဆိုသည်။

ထိုသို့လုပ်ကြံခံခဲ့ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်မှာ လည်ပင်း၊ ရင်ဘက်နှင့် ဝမ်းဗိုက်တို့တွင် ဓား ဒဏ်ရာ ၅ ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။

လက်ရှိမှာ သေဆုံးသူရုပ်အလောင်းကို စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး နေ့လည်ပိုင်းတွင် စက်ရုံစုရပ်ကွက်သို့ ယူဆောင်သွားမည်ဖြစ်ကာ မေလ ၂၆ ရက်နေ့တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းလှိုင်သည် စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ယခုကဲ့သို့ အုပ်ချုပ်ရေးမှူး လုပ်ကြံခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်တွင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ကို သေနတ်သမားနှစ်ဦးက လုပ်ကြံပစ်ခတ်ခဲ့သဖြင့် ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့သည်။

စစ်တွေမြို့ပေါ်တွင် ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားလာနေသည့်အတွက် ဒေသခံပြည်သူများမှာ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

Author: Admin