မြတ်ဆွေ | DMG
မတ် ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ပဉ္စမအကြိမ်မြောက် ကျောင်းတွင်းရေသဘင်ပွဲတော်ကို ယနေ့ မတ်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိလာစေရန်အတွက် ရေသဘင်ပွဲတော် ကျင်းပရခြင်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ကိုခိုင်စိုးလင်းက ပြောသည်။

“စာမေးပွဲက မတ်လ(၁၉)ရက်နေ့ စစ်မယ်။ ဒါကြောင့် စာမေးပွဲမဖြေခင် ကျောင်းသား၊သူတွေ စိတ်အပန်း ပြေစေဖို့၊ ပြီးတော့ သင်္ကြန်အကြိုပေါ့။ အဲဒါကတော့ ကျနော်တို့ ကျောင်းတော်တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေအားလုံးကလည်း ဒီလိုပဲ သင်္ကြန်အကြိုပွဲကို ကျင်းပကြတယ်” ဟု ၄င်းကပြောသည်။

လာမည့် ဧပြီလတွင် နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြို့နယ်နှင့်ကျေးလက်ဒေသအများအပြားတွင် ကျင်းပရန် မရှိပေ။ ထို့ကြောင့် ယခုကျင်းပသည့် ကျောင်းတွင်း သင်္ကြန်ပွဲတော်သည် ကျောင်းသား၊ကျောင်းသူများအတွက် ယခုနှစ်အတွက် နောက်ဆုံးသင်္ကြန်ဖြစ်သည်။

“ကျနော်တို့ ကျောင်းတက်လာတဲ့တစ်လျှောက် စိတ်ပင်ပန်းမှုတွေရှိတယ်။ ဒီလိုပွဲမျိုး ကျင်းပပေးတာ အရမ်းကိုပျော်တယ်။ နောက်ပြီးတော့လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပေးချင်တယ်။ ဒီလိုပွဲမျိုး ကျင်းပပေးတဲ့အတွက် ကျောင်းသား၊ သူများအားလုံးလည်း စည်းစည်းလုံးလုံးဖြစ်တယ်”ဟု ကျောင်းသား ကိုမင်းသန့်ဇင်က ပြောသည်။

အဆိုပါ တက္ကသိုလ်တွင် ကျောင်းသား၊ကျောင်းသူ (၆၀၀)ခန့်ရှိပြီး မိမိမေဂျာအလိုက် စတုဒီသာမဏ္ဍပ်များဖွင့်လှစ်ပြီး အစားအသောက်များ ကျွေးမွေးကာ ရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။

Author: Admin