ဝင်းညွန့် | DMG
မတ် ၆ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်တင်ကျေးရွာတွင် နေထိုင်သူနှစ်ဦးသည် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်က ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတို့၏မိသားစုထံမှ သိရသည်။

ထိုသို့ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမောင်စောအေး၊ ၂၉ နှစ်နှင့် တူဖြစ်သူ ကိုနေလင်းဌေး၊ ၂၄ နှစ်တို့ဖြစ်ကြပါတယ်။ စစ်တွေမြို့ကနေ မိမိနေရပ် ပုဏ္ဏားကျွန်းမြို့နယ်သို့ ဆိုင်ကယ်ဖြင့်သွားရာတွင် ထိုသို့ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ကိုနေလင်းဌေး၏မိခင် ဒေါ်အောင်သန်းနုက ပြောသည်။

“မနေ့က စစ်တွေကိုဈေးဝယ်ဖို့သွားတယ်။ စစ်တွေကအပြန်လမ်းမှာ ကျောက်တန်းဂိတ်က တားတယ်လို့ ပြောတယ်။ သူတို့ကမကြားပဲ ကျော်မောင်းလာလို့ ဖမ်းတယ်လိုတော့ ပြောသံကြားတယ်”ဟု ဒေါ်အောင်သန်းနုက DMG ကိုပြောသည်။

လက်ရှိမှာ ၎င်းတို့နှစ်ဦးအားဖမ်းဆီးထားသည့် ကျောက်တန်းစစ်ဆေးရေးဂိတ်သို့ မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ သွားရောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ် ၁ ရက်ကလည်း ဇော်မြင့်လွင်(ဘ)ဦးမောင်စံသိန်းနှင့် ချစ်သူအောင်(ဘ)ဦးဝင်းအောင်တို့ ဆိုင်ကယ်နှစ်စီးဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ စစ်တွေမြို့ဘက်သို့မောင်းနှင်လာစဉ် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ကိုချစ်သူအောင်(၂၆)မှာ ကျည်ဆံထိမှန်သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရှိသည့် ဒေသများတွင် လုံခြုံရေးတင်းကြပ်မှုများရှိနေပြီး သံသယဖြင့် ဖမ်းဆီးခံရသူများလည်း တဖြည်းဖြည်းများလာနေသည်။

 

Author: Admin