AA နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတစ်ဦး မိမိကိုယ်ကိုလုပ်ကြံသေဆုံးဟု တပ်မတော်ထုတ်ပြန်

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးအနက် တစ်ဦးမှာ မိမိဦးခေါင်းကို နံရံတွင်ဆောင့်ခဲ့သဖြင့် သေဆုံးသွားကြောင်း တပ်မတော်က မတ်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်သည်။ 

By ဝင်းညွန့် 31 Mar 2020

ဝင်းညွှန့် | DMG
မတ်လ ၃၁ ၊ ကျောက်တော်

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးအနက် တစ်ဦးမှာ မိမိဦးခေါင်းကို နံရံတွင်ဆောင့်ခဲ့သဖြင့် သေဆုံးသွားကြောင်း တပ်မတော်က မတ်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်သည်။

မတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကုလားတန်မြစ်ကြောင်းအတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူကျေးရွာဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာ စက်လှေမှာ ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်။

အဆိုပါစက်လှေအား စစ်ဆေးစဉ် ဦးမဲတုတ်ရှည်(ဘ)ဦးမောင်ဖြူ၊ ဦးသန်းထွန်း မောင်(ဘ) ဦးမဲ တုတ်ရှည်၊ ဦးသန်းရွှေမောင် (ဘ)ဦးလှစံမောင်နှင့် ဒေါ်မရှည်(ဘ)ဦးစိုး လှမောင်တို့လေးဦးအား မသင်္ကာဖွယ် အရက် ၅ ဂါလန်ဆံ့ ၁၃ ပုံး၊ ဒီဇယ် ၅ ဂါလန်ဆံ့ တစ်ပုံး၊ ထင်း ၅ ပေခန့် ၁၂၀ချောင်း၊ ဆား ၁၀ ပိဿာ ခန့်တို့နှင့်အတူ ထိန်းသိမ်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ကို ကျောက်တော်မြို့ရှိ နယ်မြေခံတပ်သို့ မတ် ၂၄ ရက်တွင် ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ AA သည် မာလာကျေးရွာ(ရခိုင်)နှင့် မာလာကျေးရွာ(မြို)၊ ဒတ်ဖြူကျေးရွာများသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတို့တွင် လာရောက်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများအား စုစည်း၍ အစည်းအဝေးပြုလုပ်ကာ ဆက်ကြေးငွေများနှင့် ရိက္ခာများပေးဆောင်ရန် ပြောကြားခဲ့သည်ဟု တပ်မတော်ကဆိုသည်။

ဦးသန်းရွှေမောင်အား ၎င်းဆက်ကြေးငွေနှင့် ရိက္ခာများကို စုစည်းပို့ဆောင်ရန်နှင့် AA လိုအပ်သည့် စားနပ်ရိက္ခာများကိုပါ ပို့ဆောင်ရန် စေခိုင်းခဲ့ကြောင်း၊ ထို့ကြောင့် AA ထံသို့ လိုအပ်သည့် ရိက္ခာနှင့် ပစ္စည်းများ ပို့ဆောင်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

၎င်းတို့ကို အသေးစိတ် ထပ်မံစစ်ဆေးရန် ထိန်းသိမ်း ထားစဉ် ဦးသန်းရွှေမောင်သည် မတ် ၂၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် အဆောက်အအုံ နံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက် စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် ရုတ်တရက် အသက်ရှူသံပြင်းကာ ရုန်းကန်နေသဖြင့် နယ်မြေခံဆေးတပ်မှ ဆေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက် နှလုံးရပ်တန့်၍ သေဆုံးသွား ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မာလာကျေးရွာမှ ဦးသန်းထွန်းမောင်သည် ဒတ်ဖြူကျေးရွာတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး စားနပ်ရိက္ခာများ အခက်အခဲ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ဒတ်ဖြူကျေးရွာမှ ဦးသန်းရွှေမောင်နှင့် သူ၏ဖခင်ဖြစ်သူ ဦးမဲတုတ်ချေတို့ကို စားနပ်ရိက္ခာသွားယူရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်မရှည်မှာ မာလာကျေးရွာသူဖြစ်သောကြောင့် မိမိနေအိမ်သို့ သွားရောက်ကြည့်ရှုရန် သွားရောက်ခြင်းဖြစ်သည်ဟု ဦးသန်းရွေမောင်၏ ခယ်မဖြစ်သူ ဒေါ်မငယ်က DMG သို့ပြောသည်။

“အဲဒီနေ့က သန်းထွန်းမောင်က သူ့(ဦးသန်းထွန်းမောင်)ကို မာလာကျေးရွာကို ရိက္ခာယူဖို့ ခေါ်သွားတယ်။ သူကအကူလိုက်သွားတယ်။ အပြန်မှာ အဖမ်းခံရတာ။ သန်းထွန်းမောင်က ကျွန်မတို့ရွာမှာ စစ်ဘေးရှောင်နေတာ။ မိသားစုနဲ့ဆိုတဲ့အခါ သူများအိမ်မှာလည်း အဆင်မပြေဘူးဆိုပြီး (ရိက္ခာ) ယူဖို့သွားတာ။ ဘာ AA နဲ့မှ အဆက်သွယ်မရှိဘူး” ဟု ၎င်းကပြောသည်။

၎င်းတို့အားလုံးမှာ AA နှင့်ပတ်သက်သူများ မဟုတ်ကြောင်း ဒေါ်မငယ်က ပြောသည်။

၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ