ဝင်းညွန့် | DMG
မတ် ၁၃ ၊ စစ်တွေ
တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုတိုက်နယ်ဆေးရုံကို လက်နက်ငယ်ကျည်ဆံများ ထိမှန်လာပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသောကြောင့် ဝန်ထမ်းများနှင့် လူနာများကို မြို့ပေါ် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က DMG သို့ပြောသည်။
ယနေ့ မတ်လ ၁၃ ရက်နေ့၊နံနက် ၅ နာရီခန့်က တိုက်နယ်ဆေးရုံပစ်ခတ်ခံရ၍ အသက် (၅၀)ကျော်အရွယ် လူနာစောင့် ဒေါ်သန်းအေးကြည်၏ လည်ပင်းကို ကျည်ထိမှန်သွားသဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။
“သူတို့က လမ်းတစ်လျှောက် ဆက်တိုက်ပစ်သွားတာ။ အဲဒီတော့ ဆေးခန်းတွေရော၊ စစ်ဘေးရှောင်စခန်း တွေကိုပါ ကျတယ်။ မှန်တွေလည်း အကုန်လုံး ကွဲသွားတယ်။ လူနာစောင့်နေတဲ့ လူတစ်ယောက် လည်ပင်းမှာ ကျည်ထိသွားတယ်။ သူတော့အခြေအနေ မကောင်းဘူး”ဟု ၄င်းက ဆိုသည်။
ယင်းပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒေါ်သန်းအေးကြည်အပါအဝင် တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် (၁၂)ဦးလည်း ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားသည်။ ယင်းအနက် ဒေါ်သန်းအေးကြည်၊ မနှင်းမိုးနွယ်(၁၃နှစ်) နှင့် ဒေါ်လုံးယေတို့ကို ဒဏ်ရာပြင်းထန်သောကြောင့် မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားသည်။
“သုံးယောက်မှာတော့ ၁ ယောက်ကို မြောက်ဦးဆေးရုံမှာ ဆေးကုနေတယ်။ နောက်နှစ်ယောက်ကိုတော့ ဒဏ်ရာသိပ်ပြင်းတော့ ကျွန်တော် စစ်တွေဆေးရုံကို လွှတ်လိုက်တယ်” ဟု မြောက်ဦး ပြည်သူ့ ဆေးရုံမှ ဒေါက်ခင်မောင်သန်း ကပြောသည်။
ထိုပစ်ခတ်မှုမှာ တပ်မတော်လက်ချက်ဟု ဒေသခံများက ပြောဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
အလားတူ ပေါင်းတုတ်မွတ်ဆလင်ကျေးရွာမှ ဒေသခံ (၉)ဦးနှင့် တောင်ဦးကျေးရွာက ဒေသခံ (၁)ဦးလည်း ဒဏ် ရာရရှိသွားသည်။ ထို့ပြင် ကျည်ဆံထိမှန်မှုကြောင့် ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာမှ အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။




