ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားသည်။ (ဓာတ်ပုံ - Mahar Nwe)

အောင်ကောင်းဇော် | DMG
ဖေဖော်ဝါရီ ၂၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ နှစ်မိုင်ခန့်အကွာ ဖုန်ညိုတောင်သို့အတက်တွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က ခရီးသည် (၁၅)ဦးတင်ဆောင်လာသည့် တောင်ကုတ်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက်သွားခြင်းဖြစ်သည်။

“ တောင်အတက်မှာ ကားဂီယာမနိုင်လို့ ပြန်ကျတာ။ အမျိုးသမီးတစ်ဦးသေတယ်။ ယောက်ျား၂ ယောက်ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ အတွင်းလူနာ စိုးရိမ်ရတယ်ပေါ့။ နောက်တစ်ယောက်ကတော့ စိုးရိမ်စရာ မလိုဘူး” ဟု မီးသတ်ဦးစီးဌာန ဒု-ဦးစီး ဦးကျော်ဝင်းမောင်က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၃၀)နှစ်အရွယ် မခိုင်လေးဆိုသူဖြစ်သည်။ ဒဏ်ရာရရှိသူ ဦးကျော်သိန်း နှင့် ဦးမောင်သောင်းတို့ကို တောင်ကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

Author: Admin