ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၆ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာအတွင်းကို ယနေ့နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်ကာ ကျေးရွာသားများကို ဘုန်းတော်ကြီးကျောင်းတွင်စုပြီး စစ်ဆေးလျက်ရှိသည်ဟု ၎င်းကျေးရွာသားများက ပြောသည်။

နံနက် ၈ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် လင်းမြွှေတောင်ဘက်မှ အိုးထိန်းကျေးရွာသို့ ဝင်ရောက်လာကာ ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးကာ အမျိုးသားများကို ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လင်းမြွေတောင်ကနေ စစ်သားတွေလာတယ်။ လမ်းခုလတ်ရောက်တာနဲ့ သေနတ် ၅ ချက်ပစ်တယ်။ ပြီးတော့ သူတို့တွေက ရွာထဲကိုပြေးဝင်လာတယ်။ သူတို့မသင်္ကာတဲ့အိမ်တွေကို ဝင်ရောက်စစ်ဆေးမွှေနှောက်တယ်။ အခုကဘုန်းကြီးကျောင်းမှာ စစ်ဆေးနေတယ်လို့သိရတယ်” ဟု တပ်မတော်၏ စစ်ဆေးခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးလာသည့် အိုးထိန်းကျေးရွာသားတစ်ဦးက ပြောသည်။။

ယင်းသို့ စစ်ဆေးခံနေရသူများမှာ နေ့လည်ပိုင်းအချိန်ထိ ပြန်မလာသေးသဖြင့် မိသားစုဝင်များမှာလည်း စိုးရိမ်မှုဖြစ်ပေါ်နေကြသည်။

“ရွာက ယောက်ျားလူကြီးလူငယ်အားလုံးခေါ်ပြီး ကျောင်းမှာစုထားတယ်။ အခု လူတွေက ဘုန်းကြီးကျောင်းမှာ စုနေပါတယ်။ သူတို့ ထမင်းလည်းမစားရသေးဘူး။ အခုချိန်ထိ အိမ်သို့ပြန်မရောက်လာသေးဘူး ” ဟု အိုးထိန်းကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

အိုးထိန်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းများ မိုင်းဆွဲခံရခြင်း၊ ပစ်ခတ်ခံရခြင်းများကို မကြာခဏ ခံနေရကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

“အိုးထိန်းရွာအဝင်နားမှာ ခဏခဏမိုင်းဆွဲခံရ၊ ချောင်းပစ်ခတ်ခံရတာရှိတယ်။ ဆိုတော့ ဒီနေ့အိုးထိန်းရွာထဲမှာ သောင်းကျန်းသူတွေရှိတယ်၊ အဲဒီရွာကိုပဲ အခြေခံပြီးတော့နေတယ်လို့ ရွာထဲကသတင်းပေးတဲ့အတွက် ဖော်ထုတ်တာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တပ်မတော်က ဝင်ရောက်စစ်ဆေးနေမှုကြောင့် အိုးထိန်းကျေးရွာသားများမှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေ ကြသည်။

“အဲဒီကိစ္စကို ရွာသားတွေစိုးရိမ်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရွာကိုဝင်ပြီး နေအိမ်တွေကို တက်ပြီး မွှေနှောက်တာတွေမှာ မထင်မှတ်ပဲ သူတို့ လုပ်ချင်ရာလုပ်ထားခဲ့မှာကို စိုးရိမ်ကြတယ်။ နောက်ပြီး ဖမ်းဆီးနှိပ်စက်မှုခံရမှာကိုလည်း စိုးရိမ်ကြတာ” ဟု အိုးထိန်းကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ယခုနောက်ပိုင်း တပ်မတော်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများမှာ ပိုမိုများပြားလာနေပြီး ယင်းသို့စစ်ဆေးမှုများကို စိုးရိမ်ကာ ကျေးရွာသားများထွက်ပြေးနေမှုကြောင့် စစ်ဘေးရှောင် ဦးရေများမှာလည်း တဖြည်းဖြည်းတိုးလာကာ လက်ရှိမှာ စစ်ဘေးရှာင်ဦးရေ တစ်သိန်းခန့်အထိ ရှိလာနေသည်။

Author: Admin