ဒီဇင်ဘာ ၂၇ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သောင်းဒြားကျေးရွားအတွင်း ပိတ်မိနေသည့် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူ စုစုပေါင်း ၂၀ ဦးကို ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရခိုင့်ဦးဆောင်ပါတီမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံအရပ်ဖက်အဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ယင်းရွာသို့သွားရောက်ကာ ကယ်ထုတ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သောင်းဒြားကျေးရွာသားများမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးကြရာတွင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို ၂၀ ဦးခန့် ကျေးရွာအတွင်းကျန်ခဲ့သည်ဟု သောင်းဒြားကျေးရွာသား တစ်ဦးက ပြောသည်။
“တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာလို့ ကြောက်လို့ထွက်ပြေးလာတာ။ ရွာထဲမှာတော့ မသန့်စွမ်းသူတွေနဲ့ မပြေးနိုင်တဲ့သက်ကြီးရွယ်အို ၂၀ လောက်ကျန်ခဲ့တယ်။ အခုတော့ ရခိုင့်ဦးဆောင်ပါတီက ကယ်ထုတ်နေတယ်လို့ကြားပါတယ်” ဟု ၄င်းကျေးရွာသားက ဆိုသည်။
ထိုသို့ ပိတ်မိနေသည့် မသန့်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို သွားရောက်ကယ်ထုတ်ခဲ့ပြီး ရသေ့တောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သွားရောက်ကယ်ထုတ်ရာတွင် ပါဝင်သည့် ရခိုင့်ဦးဆောင်ပါတီမှ ဦးကျော်လွင်ကဆိုသည်။
“စစ်တပ်ကတော့ ဘုန်းကြီးကျောင်းမှာရှိတယ်။ သောင်းဒြားကိုတော့ ၃ နာရီကျော်လောက်မှာရောက်တယ်။ လောလောဆယ်တော့ ကယ်ထုတ်လာသူတွေကို ရသေ့တောင်ကယ်ဆယ်ရေးစခန်းကိုပဲ ယူသွားမယ်။ ကယ်ထုတ်တဲ့ နေရာမှာတော့ အခက်ခဲမရှိဘူး” ဟု ၄င်းကဆိုသည်။




