- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ရန်ကုန်မှ သံတွဲသို့လာသည့် လူငယ် ၅ ဦးနှင့် ယာဉ်မောင်း ၂ ဦးတို့ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံထားရ
ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ စက်တင်ဘာလ ၂၃ ရက်နေ့က ဇေယျမဂ္ဂင် တံဆိပ် ပါသည့် လူနာတင်ယာဉ်ဖြင့် ဝင်ရောက်လာသည့် လူငယ်အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။
25 Sep 2020
မျိုးမြင့်ဇော် | DMG
စက်တင်ဘာ ၂၅ ၊ သံတွဲ
ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ စက်တင်ဘာလ ၂၃ ရက်နေ့က ဇေယျမဂ္ဂင် တံဆိပ် ပါသည့် လူနာတင်ယာဉ်ဖြင့် ဝင်ရောက်လာသည့် လူငယ်အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။
အခုလို အကြောင်းကြားပြီး မိမိဇာတိကို လာရောက်သည်ကို ဥပဒေနှင့်အရေးမယူစေလိုကြောင်း ငပလီမြို့၊ Quarantine Center တွင် ထိန်းသိမ်းခံထားရသည့် လူငယ်ငါးဦးထဲမှ ကိုစိုးနေမင်းက DMG သို့ ပြောသည်။
“အခု ကျွန်တော်တို့ကို ဥပဒေအရ အရေးယူမယ်လို့တော့ ကြားရတာပေါ့နော်။ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာတာကို ဒီလိုမျိုးတော့ အရေးမယူစေချင်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ရောက်တာနဲ့ Quarantine Center ကို တန်းပြီး သွားဖို့စီစဉ်ထားတာပါ” ဟု ၎င်းကဆိုသည်။
ကိုစိုးနေမင်းအပါအဝင် လက်ရှိ ထိန်းသိမ်းခံထားရသည့် လူငယ် ၅ ဦးအနေဖြင့် ရန်ကုန်မှ သံတွဲသို့ လာရောက်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ဆေးရုံတို့မှ ကျန်းမာရေးထောက်ခံချက်များ သွားရောက် တောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း ကိုစိုးနေမင်းကပြောသည်။
ဂျိတ္တောရပ်ကွက်အုက်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းကလည်း အဆိုပါလူငယ် ၅ ဦးသည် ခိုးဝင်လာခဲ့ခြင်း မဟုတ်ဘဲ အဆင့်ဆင့်အကြောင်းကြားပြီးမှသာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ရန်ကုန်မှာ ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့လူတွေ နေရထိုင်ရ အခက်အခဲဖြစ်နေတာကိုလည်း ကျနော်တို့ကြားရ ပါတယ်။ ဒါကြောင့်မလို့ တတ်နိုင်တဲ့လူက တတ်နိုင်သလို အငှားလိုက်တဲ့ ကားကိုခေါ်ပြီးတော့ လာကြရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကလည်း ထောက်ခံချက်မပေးတော့ ဖြစ်တဲ့နည်းနဲ့ ဖြစ်သလို လာကြရတာဖြစ်ပါတယ်။ ခိုးဝင်လာခြင်း လုံးဝမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေသလို ခိုးဝင် လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
လူနာတင်ယာဉ်ဖြင့် သံတွဲသို့ဝင်ရောက်ခဲ့သည့် လူငယ် ၅ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သံလျင်မြို့နယ်တို့တွင်နေထိုင်ခဲ့သူများဖြစ်ကြပြီး နေရေးထိုင်ရေး အဆင်မပြေသည့်အတွက် မိမိတို့ ဇာတိမြို့ ဖြစ်သည့် သံတွဲမြို့သို့ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ် ၅ ဦးကဆိုသည်။
အခုကဲ့သို့ လာရောက်ရန်အတွက် ယာဉ်စီးနင်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်ခုနှစ်သောင်းစီဖြင့် ငါးဦးအတွက် သုံးသိန်းခွဲပေးခဲ့ရကြောင်း ကာယကံရှင်များကဆိုသည်။
လူနာတင်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို ယနေ့တွေ့ဆုံမေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း မေးမြန်းခွင့် မရရှိခဲ့ပေ။
ယင်းကိစ္စနဲ့ပတ်သက်၍ DMG က သံတွဲမြို့မရဲစခန်းသို့ စက်တင်ဘာလ ၂၄ ရက်နေ့က သွားရောက်မေးမြန်း ခဲ့ရာ ယာဉ်မောင်း၊ ယာဉ်အကူနှင့် လူငယ် ၅ ဦးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉၊ ၃၀(က)ဖြင့် အမှုဖွင့်ထားပြီး ရဲလုပ်ငန်းအတိုင်းဆောင်ရွက်နေကြောင်း တာဝန်ကျရဲအရာရှိက ပြောသည်။