Photo - Pu Chay

အောင်ထိန် | DMG
သြဂုတ် ၁၃ ၊ တောင်ကုတ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒဖြင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းအပါအဝင် ၄ ဦး၏အမှုကို သြဂုတ်လ ၁၂ ရက်နေ့ကရုံးထုတ်ခဲ့ရာ၌ တရားလို ဖြစ်သူ ရဲမှူးဇော်မြင့်ထွန်းအား စတင်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ယင်းမြို့နယ် ANP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံနှင့် ယခင်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

၎င်းတို့လေးဦးအား AA နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူး ဇော်မြင့်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသူ လေးဦးအမှု၏ တိုင်ချက်၌ အေအေနှင့်ဆက်သွယ်သည်ဟုဆိုကာ ဦးစည်သူကျော်ဇံ (ခ) မိုင်ကယ်တစ်ဦးတည်းသာပါရှိပြီး ကျန်သုံးဦး၏အမည်များ မပါရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။

“ဦးမိုင်ကယ်တစ်ဦးပဲပါတယ်။ နောက်ဆုံးမှာမှ ဦးမိုင်ကယ်နှင့်အတူ အပေါင်းအပါများဆိုပြီး ပါလာတယ်။ အပေါင်း အပါတွေဆိုတာ ကျန်သုံးဦးကို ဆိုလိုသလားလို့ ကျွန်တော်တို့မေးတော့ သူတို့သုံးဦးလို့မဟုတ်ဘူး။ ကျန်တဲ့လူတွေ ရှိလာမယ်ဆိုရင် စုံစမ်းစစ်ဆေးမယ်၊ ပြစ်မှုကျူးလွန်ရင် တရားစွဲမယ်၊ မကျူးလွန်းဘူးဆိုရင်တော့ ပြန်လွှတ်မယ် ဆိုပြီး တရားလိုက ဖြေကြားခဲ့တယ်” ဟု ဦးတင်ညိုက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၂ ရက်)ရုံးချိန်း၌ တရားလိုအပြင် လိုပြသက်သေများဖြစ်ကြသည့် ရဲမှူးခင်မောင်လှနှင့် နောက်ထပ်ရဲအုပ်တစ်ဦး စုစုပေါင်းသုံးဦးတို့ကို စစ်ဆေးခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ဦးဝေသောင်းအပါအဝင် ၄ ဦး၏အမှုကို လာမည့် သြဂုတ်လ ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

၎င်းတို့လေးဦးကို တရားစွဲဆိုထားသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ-၅၂(က)သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Author: Admin