အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၂၅ ၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ လူငယ် ၅ ဦးကို ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် မြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညဥ့် ၁၂ နာရီကျော်အချိန်တွင် တောင်ကုတ်မြို့ပေါ်၌ သောက်စားမူးယစ်နေသူ ၆ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ကင်းလှည့်ချိန် တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောသည်။

ယင်းသို့ဖမ်းဆီးခဲ့သူ ၆ ဦးကို ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ရာ တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၈၈ အရ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထောင်ဒဏ်တစ်လစီချမှတ်ခဲ့ခြင်း ဖြစ်သည်။

“၆ ဦးထဲက ၅ ဦးကို မနေ့က တရားရုံးကထောင်ဒဏ်တစ်လစီ ချမှတ်လိုက်တယ်။ နောက်တစ်ယောက်က အသက်မပြည့်သေးလို့ ခံဝန်ထိုးပြီး လွှတ်လိုက်တယ်” ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောသည်။

Covid-19 ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အတွင်းမှမြို့နယ်များတွင် (ည ၉ နာရီမှ နံနက် ၄ နာရီအထိ)ညမထွက်ရအမိန့်ပုဒ်မ-၁၄၄ ကိုထုတ်ပြန်ထားပြီး မြို့နယ်အချို့မှာ ကိုဗစ်ကာလမဖြစ်ပွားမီကတည်းက ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့ ညမထွက်ရအမိန့်သတ်မှတ်ထားချိန်အတွင်း အရေးပေါ်ကိစ္စများပေါ်ပေါက်လာပါက သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လိုက်နာရန်ပျက်ကွက်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Author: Admin