ကျော်သူဌေး | DMG
ဧပြီ ၈ ၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့၊ ဧပြီလ ၇ ရက်နေ့က ဖျားနာ၍ ဆေးခန်းလာပြသူတစ်ဦး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသောကြောင့် သူ၏ဓာတ်ခွဲနမူနာများကို စစ်ဆေးရန်အတွက် ရန်ကုန်သို့ပို့မည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ဦးသည် နေမကောင်း၍ ဆေးရုံသို့လာပြစဉ် သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းကို စစ်ဆေးချက်အရ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူမြန်ခြင်း၊ အဖျားရှိခြင်းတို့ကို တွေ့ရှိခဲ့သည်။ ၎င်းသေဆုံးခြင်းမှာ ဆီးချိုရောဂါနှင့်ဆက်နွယ်ပြီး သေဆုံးခြင်းဟု တောင်ကုတ်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာလှထွန်းဇော် က DMG သို့ပြောသည်။

“အသက်ရှူလမ်းကြောင်းပြဿနာလို့ အဓိကကပြောဖို့ နည်းနည်းခက်တာပေါ့နော်။ အဓိက ဆီးချိုနဲ့ဆက်နွယ်ပြီးတော့ ဆုံးတဲ့ Case(ဖြစ်စဉ်)ပါ။ စောင့်ကြည့်လူနာ အနေနဲ့ ထားဖို့တောင် အချိန်မရ လိုက်ဘူး။ ရောက်ပြီးတော့ သိပ်မကြာဘူး ဆေးရုံမှာ ဆုံးသွားတယ်” ဟု ၎င်းကပြောသည်။

သေဆုံးသွားသူမှာ နိုင်ငံခြားမှ ပြန်လာသူမဟုတ်ကြောင်းနှင့် နိုင်ငံခြားမှ ပြန်လာသူများနှင့်လည်း ဆက်စက်မှုမရှိဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၎င်း၏ ဓာတ်ခွဲနမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ်(COVID 19) ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ပို့မည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“သူက အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာနဲ့ ရောက်လာတယ်။ ရောက်လာပြီး ကျနော်တို့ ကုသနေစဉ်အတွင်း ရောက်ရောက်ချင်းမှာပဲ ဆုံးတာပေါ့။ ဆုံးတော့ အဲဒီနမူနာကို ယူပြီးတော့ ဓါတ်ခွဲပေးပို့ဖို့ ဒီနေ့လုပ်နေပါတယ်ခင်ဗျာ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ သေဆုံးသူ (၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သိရသည်။

Author: Admin