တင်းမကျေးရွာသားများ ဖမ်းဆီးခံရသည့်ကိစ္စ တပ်မတော်အနေဖြင့် မသိသေးဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာမှ ရွာသား ၁၈ ဦးအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသော်လည်း တပ်မတော်အနေဖြင့် အဆိုပါကျေးရွာသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမသိရှိသေးကြောင်း ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

By နှင်းနွယ် 30 Dec 2020

နှင်းနွယ် | DMG            
ဒီဇင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာမှ ရွာသား ၁၈ ဦးအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသော်လည်း တပ်မတော်အနေဖြင့် အဆိုပါကျေးရွာသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမသိရှိသေးကြောင်း ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

“တပ်အနေနဲ့ ဖမ်းထားတာ၊ ဆီးထားတာမရှိဘူးလို့ ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျနော်တို့ သိကို မသိသေးတာ။ အဲဒီခေတ်ကာလတုန်းကတော့ အဲဒီဖက်မှာအခြေအနေရှုပ်ထွေးတဲ့အတွက် တပ်ကနေဖမ်းသွား တယ်လို့ တစ်ဖက်သတ်စွပ်စွဲလို့လည်းမရပါဘူး။ အဲဒီဖက်မှာလည်း ဖြစ်ပျက်နေတဲ့ လူသတ်မှုတွေ၊ လူသေမှုတွေ၊ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း မီဒီယာတွေအသိဖြစ်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

သို့သော် မိသားစုဝင်များကမူ ၎င်းတို့(၁၈)ဦးအား ကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲနေထိုင်နေသည့် တပ်မ(၅၅)မှ မိသားစုဝင်များ၏ မျက်စိရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သက်သေများဖြင့် ပြောဆိုထားသည်။

အကယ်၍ မိသားစုဝင်များအနေဖြင့် တင်းမကျေးရွာသား(၁၈)ဦးကို တပ်မတော်မှဖမ်းဆီးသွားသည်ကို ခိုင်လုံသည့် သက်သေအထောက်အထား ခိုင်ခိုင်မာမာရှိပါက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ တပ်နယ်မြေများတွင် သွားရောက်တိုင်ကြားနိုင်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

“ကျနော်တို့မြင်တာက မိသားစုဝင်အနေနဲ့ သူတို့ရဲ့တွေ့ရှိချက်တွေ၊ ထင်မြင်ယူဆချက်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာလည်း တိုင်နေတာပဲ။ ဒါက လမ်းကြောင်းတစ်ကြောင်းတည်းမှာပဲ ရှိတာ မဟုတ်ပါဘူး၊ လမ်းကြောင်းများစွာရှိပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေရှိတယ်။ ပြောနိုင်တဲ့လမ်းကြောင်းတွေရှိတယ်။ အဲဒါတွေအားလုံးကို လွတ်လပ်စွာတိုင်ကြား ပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာသား(၁၈)ဦးမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ဖမ်းဆီးခံရပြီးနောက် ကြောက်လန့်ကာ ရွာလုံးကျွတ်ထွက်ပြေးကြစဉ် ရွာစောင့်အဖြစ် ကျန်ရှိနေခဲ့သည့် ဒေသခံသုံးဦးမှာလည်း သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာသား(၂၁)ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မြောက်ဦးခရိုင်ရဲစခန်းမှ စုံစမ်း စစ်ဆေးရန်အတွက် မိသားစုဝင်များကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်းလည်း သွားရောက်စစ်ဆေးခံခဲ့သူများထံမှ သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပျောက်ဆုံးနေသူများအား မည်သည့်နေရာ၌ရှိနေသည်ကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးပြီး နစ်နာသူများအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးရန် မိသားစုဝင်များက မျှော်လင့်နေကြသည်။

တင်းမကျေးရွာမှ ဖမ်းဆီးခံရသူများကိစ္စအား အမှုမှန်ပေါ်ပေါက်ရေးအတွက် နစ်နာသူမိသားစုဝင်များက ရခိုင်ရှေ့နေများကောင်စီသို့လည်း တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

ဗီဒီယိုများ