ကျော်သူဌေး | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသည်ကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆေးစစ်ချက်များအရသိရကြောင်း တောင်ကုတ်မြို့နယ်အုပ်ရေးမှူးထံမှ သိရသည်။
အချုပ်သားတစ်ချို့မှာ နှာစည်း၊ ချောင်းဆိုး စသည့်ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ဆေးစစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူကပြောသည်။
“နှာစေး၊ ချောင်းဆိုးလက္ခဏာတွေ တွေ့ရလို့ ကျနော်တို့ ဒီနေ့ဆေးစစ်ချက်ရလာတဲ့အချိန်မှာ တွေ့တာပါ။ အချုပ်ခန်းကိုတော့ ပိုးသတ်ဆေးဖြန်းပြီးတော့မှ Lock down ချထားပါတယ်။ သူတို့ကို အဲဒီအချုပ်ခန်းထဲမှာပဲ ဆေးကုသနိုင်ရေးအတွက် ဆောင်ရွက်ထားပါတယ်” ဟု ဦးစိုးမင်းသူက ပြောသည်။
တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်ခန်းအား ပိုးသတ်ဆေးဖြန်းကာ Lock down ချထားပြီး ပိုးတွေ့လူနာနှင့် ဆက်စပ်သူ အခြားအချုပ်သား ၄၀ ခန့်အားစစ်ဆေးရာတွင် ရောဂါကူးစက်မှုမရှိကြောင်နှင့် ၄င်းအချုပ်သား များအား သီးခြားအချုပ်ခန်းတွင်ထားသည်ဟု ဦးစိုးမင်းသူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၄၀၄၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီလ ၂ ရက်နေ့ စာရင်းအရသိရသည်။




