အောင်ထိန်၊ နှင်းနွယ် | DMG
ဇူလိုင် ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ချက်ဖောက်ကျေးရွာမှ လူငယ်တစ်ဦးအား တပ်မတော်က ဖမ်းဆီး သွားသည်မှာ တစ်လကျော်ကြာမြင့်လာနေပြီဖြစ်သော်လည်း သတင်းအစအနမရရှိသေးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

အဆိုပါကျေးရွာ၌ ဇွန် ၃ ရက်နေ့က မောင်နေရဲဝင်း(ခ) ငမိုး (၂၀)နှစ်သည် မိသားစုဝင်များနှင့်အတူ နေအိမ်ထဲ တွင်ရှိနေစဉ် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဝင်းက DMG သို့ ပြောသည်။

“ဖမ်းဆီးသွားတဲ့နေ့ကတည်းက ဒီနေ့အထိ ဘာသတင်းမှမကြားရဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာလည်းမသိ။ ကျနော်သားလေးအတွက် အရမ်းစိတ်ပူတယ်” ဟု ဦးမောင်ဝင်းက ပြောသည်။

ထိုသို့ဖမ်းဆီးခံရသူမှာ ပေါင်၌အကျိတ်ပေါ်သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး မေလကုန်ပိုင်းက မိမိကျေးရွာသွားသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူထံမှ သိရသည်။

“ကျနော့်သားက အိမ်မှာနေကတည်းက မစားနိုင်မသောက်နိုင်၊ လမ်းမလျှောက်နိုင်ဘဲ အိပ်ယာထဲမှာလဲနေရတာ။ အခုဆိုရင် ဘယ်လိုပုံစံ ရှိနေမလဲမသိဘူး။ ကျန်းမာရေးသိပ်မကောင်းတော့ ပိုပြီးစိုးရိမ်မိတယ်” ဟု ဦးမောင်ဝင်းက ပြောသည်။

ထိုသို့ သတင်းအစအနမရရှိသဖြင့် တောင်ကုတ်မြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ စခန်း၌မရှိဟု ဖြေကြား ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

တပ်မတော်က မအီမြို့၊ ချက်ဖောက်ကျေးရွာသား ၅ ဦးကို ဇွန်လအတွင်းကဖမ်းဆီးခဲ့ပြီး ၃ ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးကျော်တင်အောင်(၃၇)နှစ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်လှစ်ထားကာ ကျန်ရှိသည့် မောင်နေရဲဝင်းမှာ မည်သည့်နေရာ၌ရှိသည်ကို မသိရှိရခြင်းဖြစ်သည်။

ဦးကျော်တင်အောင်၏ ဇနီးဖြစ်သူဒေါ်ခင်မိုးမြင့်က “ကျမတို့ သူ့ကိုသွားတွေ့တော့ အနီးကပ်မတွေ့ခဲ့ရဘူး။ ခပ်ဝေးဝေးကဘဲ စကားပြောခဲ့ရတယ်။ သူကျွန်မကို ပြောပြတာကတော့ သူ့ကိုအကြမ်းဖက်ပုဒ်မနဲ့ တရားစွဲထား ပြီးတော့ လာမဲ့ ၁၀ ရက်နေ့မှာ ရုံးချိန်းထားတယ်လို့ပြောပြတယ်။ ကိုယ်ပေါ်မှာလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်”ဟု ဆိုသည်။

DMG မှ ပြုစုထားသည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၁၉ ဦးရှိခဲ့သည်။

Author: Admin