
ဝင်းညွန့် | DMG
ဇွန် ၂၆ ၊ စစ်တွေ
အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်အတွက် တရားမျှတမှုရရှိစေရေး နိုင်ငံတော်အစိုးရအနေဖြင့် စီစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ ဇွန်လ ၂၅ ရက်နေ့က တောင်းဆိုလိုက်သည်။
ကိုမိုက်ကယ်အား မေလအတွင်းက တောင်ကုတ်မြို့နယ်ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးသွားခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။
၎င်းသည် ၂၀၀၇ ခုနှစ်မှစတင်၍ ရခိုင်ပြည်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။
“ဒီလို ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်နေတဲ့လူတစ်ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတယ်ဆိုတော့ အံ့သြ တုန်လှုပ်မိတယ်။ အဲဒီအတွက်မို့ ဒီကိစ္စကို ပြန်စီစစ်ဖို့လိုတယ်” ဟု ရခိုင်ပြည်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီမှ ပြန်ကြားရေးတာဝန်ရှိသူ ကိုစိုးနိုင်ထွန်းက ပြောသည်။
ကိုမိုက်ကယ်နှင့်အတူ ၎င်း၏အကိုဖြစ်သူ တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းနှင့် ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် သံတွဲ ခရိုင်တရားရုံးတွင် ဇွန်လ ၃၀ ရက်နေ့ထိ ချုပ်ရမန်ယူထားသည်။




