မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၁၄ ၊သံတွဲ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမျိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ၃ ဦးကို အရပ်ဝတ်ဖြင့် အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၎င်းတို့ ၃ ဦးသည် ယနေ့(အောက်တိုဘာ ၁၄) ၊ နံနက် ၈ နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားကြပြီး ယင်းကျေးရွာရှိ နေအိမ်တစ်ခုမှာ နားနေကြစဉ် သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးနှင့် ဓါးကိုင်ဆောင်ထားသူ ၁ ဦး တို့ လာရောက်ဖမ်းဆီးကကာ စက်လှေဖြင့် ရမ်းဗြဲမြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် ဆွေးမျိုးတော်စပ်သည့် အမည်မဖော်လိုသူတစ်ဦးက ၎င်းတို့ ၃ ဦးကို ဖမ်းဆီးသွားသည်မှာ မှန်ကန်သော်လည်း မည်သူတို့က ဖမ်းဆီးသွားသည်ကို သတင်းအတိအကျ  မသိရှိရသေးကြောင်း ဆိုသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က"ကျနော် မသိဘဲ ဘယ်အဖွဲ့ဆိုတာ မပြောချင်ဘူး။ ဒါပေမဲ့ ဖမ်းဆီးတဲ့အပေါ်မှာ ပြောချင်တာကတော့ လုံဝလက်မခံဘူးရှုတ်ချတယ်။ ဒါက အဖြေမဟုတ်ဘူး။ ဒီလုပ်ရပ်ဟာ သူတို့သွားနေတဲ့ တော်လှန်ရေး(သို့မဟုတ်) ပန်းတိုင်ကိုရောက်နိုင်တဲ့ လမ်းမဟုတ်ဘူး''ဟု ပြောသည်။

လက်ရှိအချိန်၌ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအင်အား ၃၀ ခန့်သည် ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးကို ရှာဖွေရန် ထွက်ခွာသွားကြသည်ကိုမြင်တွေ့ရကြောင်း တောင်ကုတ်မြို့ ဒေသခံများထံမှသိရသည်။

Author: Admin