ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ခိုင်ရိုးလ | DMG
ဇွန် ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးဒိုက်ကျေးရွာအနီးတွင် ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ယမန်နေ့က လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း မှတ်တိုင်အမှတ် ဘီပီ-(၃၄)နှင့် ဘီပီ-(၃၅)အကြားသို့အရောက်တွင် မီးဒိုက်ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုး ဘက်သို့ထွက်ခွာလာသည့် အာဆာအဖွဲ့ဝင် ၂၅ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။

၎င်းတို့သည် တစ်နှာရီကြာ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး အာဆာအဖွဲ့ဝင်များသည် အရှေ့တောင်ဘက်သို့ ဆုပ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါတိုက်ပွဲ၌ အာဆာအဖွဲ့ထံမှ အလောင်း ၂ လောင်းနှင့် သေနတ် ၂ လက်အပြင် ဆက်စပ်လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များဘက်မှမူ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ဆိုသည်။

အာဆာအဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောဒေသတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

Author: ခိုင်ရိုးလ