
အောင်ထိန်၊ DMG
နိုဝင်ဘာ ၁၀ ၊ စစ်တွေ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန်အတွက် ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော် အရာရှိများ ဦးဆောင်သော ကော်မတီတစ်ရပ်ကို သီးခြားဖွဲ့စည်းလိုက်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၍ ထာဝရငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်း များ ပြီးဆုံးအောင်မြင်သည့်အထိ ဆွေးနွေးနိုင်ရန်အတွက်ဟုဆိုကာ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ဦစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းမှာ နိုင်ငံအတွက် အောင်မြင်ပြီးဆုံးသည်အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်ရေးထိုးရန် ဆွေးနွေးနေဆဲဖြစ် သော တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ ဆက်လက်ဆွေးနွေးရန် လိုအပ်လျက်ရှိကြောင်း ဆိုသည်။
ယင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်း ပြီးဆုံးသည်အထိ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ဆွေးနွေရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ တပ်မတော်ငြိမ်းချမ်းဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ခြင်းကို ကြိုဆိုကြောင်း၊ သို့သော် ရက္ခိုင့်တပ်တော်(AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားသည်ဟုဆိုကာ ဆွေးနွေးမှုမပြုလုပ်လျင် ကောင်းမွန်သော ရလဒ်ကောင်း ရနိုင်မည်မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုသည်။
“တပ်မတော်နဲ့ တိုင်ရင်းသားလက်နက်တွေ NCA လမ်းကြောင်းထဲမှာမဟုတ်ဘဲ လိုအပ်ရင် သီးသန့်ဆွေးနွေးဖို့ ဖွဲ့စည်းတာလားလို့ သုံးသပ်မိတယ်။ အဲဒီလို အဖွဲ့မျိုး ဖြစ်ပေါ်လာမယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် အေအေကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတယ်ဆိုပြီး မဆွေးနွေးဘူးဆိုရင်တော့ အခုဖွဲ့စည်းတဲ့ အဖွဲ့အစည်းအနေနဲ့ ကောင်းမွန်တဲ့ ရလဒ်ကောင်း ရနိုင်မှာမဟုတ်သေးဘူး”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရက ဦးဆောင်ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရှိသော်လည်း တပ်မတော်၏ ကော်မတီအသစ် သီးခြားဖွဲစည်းခြင်းနှင့်ပတ်သက်ပြီး NLD ပါတီမှ အကောင်းမြင်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။
“ကျွန်တော်တို့က အကောင်းမြင်ဖက်က လက်ကိုင်ထားတယ်။ အခုကြေငြာချက်မှာတောင် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးသွားပြီတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ချင်လိုတယ်။ ဒါကြောင့် ကော်မတီတစ်ခုကို သတ်သတ်မှတ်မှတ် တာဝန်ပေးတယ်လို့ သိရတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပေးလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဒီထက်ပိုပြီး အရှိန်ဟုန်မြင့်လာမယ်လို့ ကျွန်တော်တို့ကတော့ ကောင်းတယ်ဖက်က ရှုမြင်သုံးသပ်ပါတယ်”ဟု ဆိုသည်။
လက်ရှိ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို တပ်မတော်မှ ဗိုလ်ချုပ်ကြီးလေးဦးဖြင့် ဖွဲ့စည်းလိုက် လိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့်အခါ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံမှုပြုလုပ်သကဲ့သို့ တပ်မတော်မှ ခေါင်းများကလည်း ငြိမ်းချမ်းရေးအတွက် ထိတွေ့မှုနှင့် ငြိမ်းချမ်းရေးစကားဝိုင်းများပါ လုပ်ဆောင်ရန်လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ကြသည်။
“တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါ အဓိက လက်တွေ့မြေပြင်မှာ ကိုယ်၌ကလည်း ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ရခိုင်ပြည်သူတွေရဲ့ ယုံကြည်မှုတွေကိုလည်း ရရှိအောင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လိုအပ်တယ်” ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတင်းမာနေကြသည့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းသုံးသောင်းခြောက်ထောင် ကျော်အထိ ရှိလာနေပြီဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့ပြီးဖြစ်ကာ လာမည့် အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်၏ အခြေအနေအပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ရေးပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ပြည်သူများက မျှော်လင့်နေကြသည်။




