တိမ်ညိုဆိပ်ကမ်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ချမ်းအေး/ DMG

စိုးအောင်|DMG

ဇူလိုင် ၂၃၊ မြောက်ဦး

 မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာသားတစ်ဦးမှာ ယနေ့ နေ့လည်ပိုင်းက ဦးခေါင်းကိုသေနတ်ကျည်ထိ မှန်သဖြင့် တိမ်ညိုဆေးရုံကို ပို့ဆောင်ထားရကြောင်း တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ဦးခေါင်းဒဏ်ရာရရှိသူမှာ အသက် ၂၂ အရွယ် ကိုမောင်ကြီး(ခ)ဘိုသန်းထွန်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက မိသားစုဝင်များနှင့်အတူ တောင့်မြင့် ကျေးရွာမှ တိမ်ညိုကျေးရွာသို့ စက်လှေဖြင့်လာကြစဉ် တိမ်ညိုကျေးရွာ အနီး ထောက်ပို့ဒိုင်ကွင်းရှေ့အရောက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိမ်ညိုကိုလာတဲ့အခါ တိမ်ညိုအနီး ထောက်ပို့ဒိုင်ကွင်းရှေ့ရောက်တဲ့အခါ သေနတ်နဲ့ပစ်လို့ ထိတယ်လို့ အတူပါလာတဲ့သူတွေက ပြောတယ်။ တိမ်ညိုကိုရောက်နေပြီး ဆိပ်ကမ်းကို မကပ်ခင်ဖြစ်တာ။ ဦးခေါင်းဘယ်ဘက် အခြမ်းမှာထိတာ” ဟု တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ဦးခေါင်းကျည်ထိမှန်သူမှာ ဒဏ်ရာစိုးရိမ်ရသဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

ကျည်ထိမှန်သူနှင့်တူ လိုက်ပါလာသည့် အစ်မဖြစ်သူ၏ ပြောကြားချက်မှာ တိမ်ညိုကျေးရွာအနီး တပ်မတော် ထောက်ပို့ (ဒိုင်ကွင်း)ရှေ့အရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“စက်လှေနဲ့လာတာပါ။ စစ်တပ်ကလိုက်လို့ပစ်တယ်။ မောင်မှာ ဦးခေါင်းမှာထိတယ်။ ကောက်မျိုးစပါးပို့ဖို့ သွားတာပါ။ ပစ်တာကတော့ ရေလို့တောင်မရဘူး။ သူက စက်လှေမှာ အလယ်ကထိုင်နေတာပါ။ မောင်နှမတွေ ဝိုင်းပြီးထိုင်နေကြတာ။ မောင်တစ်ယောက်က တက်မကိုင်တယ်။ ကျွန်မယောက်ကျားက အနားက အဲဒီလို သွားနေတဲ့အချိန် လိုက်ပစ်တာပါ။ ကျွန်မတို့က စက်လှေတွေသွားလို့လာလို့ရှိတယ် မြင်လို့ လာခဲ့တာပါ”ဟု ကျည်ထိမှန်သူ၏ အစ်မဖြစ်သူ ဒေါ်အေးအေးနုက ပြောသည်။

သေနတ်ထိမှန်သူနှင့် အတူပါလာသူများမှာ ညီတစ်ဦး၊ အစ်မတစ်ဦးနှင့် ယောက်ဖဖြစ်သူတို့ပါဝင်ပြီး အခင်းဖြစ်ပွားမှုမှာ ယနေ့နေ့လည် ၁ နာရီအချိန်ခန့်ကဖြစ် ၄င်းတို့မှာ လယ်ယာစိုက်ပျိုးရန် မျိုးစပါးပို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

Author: Admin