တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်ဆေးရေးဂိတ်များကို မြောက်ပိုင်းသုံးဖွဲ့တိုက်ခိုက်

တပ်မတော်နည်းပညာတက္ကသိုလ်တို့ကို တိုက်ခိုက်ရခြင်းမှာ မြောက်ပိုင်းသုံးဖွဲ့၏ နယ်မြေများတွင် ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို ပြုလုပ်နေသောကြောင့် တိုက်ခိုက်ရခြင်းဟု မြောက်ပိုင်းအဖွဲ့က ပြောဆိုသော်လည်း AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်းဟု တပ်မတော်ဘက်က တုန့်ပြန်သည်။

By ဖဒူ ထွန်းအောင်၊ ခိုင်ရိုးလ 15 Aug 2019

တိုက်ခိုက်ခံခဲ့ရသည့် နောင်ချိုမြို့နယ် ဂုတ်တွင်းရဲကင်းစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ခင်နှင်းဝေ
တိုက်ခိုက်ခံခဲ့ရသည့် နောင်ချိုမြို့နယ် ဂုတ်တွင်းရဲကင်းစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ခင်နှင်းဝေ

(တပ်မတော်နည်းပညာတက္ကသိုလ်တို့ကို တိုက်ခိုက်ရခြင်းမှာ မြောက်ပိုင်းသုံးဖွဲ့၏ နယ်မြေများတွင် ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို ပြုလုပ်နေသောကြောင့် တိုက်ခိုက်ရခြင်းဟု မြောက်ပိုင်းအဖွဲ့က ပြောဆိုသော်လည်း AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်းဟု တပ်မတော်ဘက်က တုန့်ပြန်သည်။)

ဖဒူ ထွန်းအောင်၊ ခိုင်ရိုးလ | DMG

သြဂုတ် ၁၅၊ စစ်တွေ

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် ရဲစခန်း၊ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက AA၊ TNLA၊ MNDAA မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့သည်။

တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် တိုက်ခိုက်ခဲ့သည်။ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်ဘက်က (၉)ဦး၊ ရဲတပ်ဖွဲ့ဝင် (၃)ဦးနဲ့ အရပ်သား (၃) ဦးကျဆုံးသွားပြီး ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးသွားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA)အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းတို့ကြောင့် တိုက်ခိုက်ရခြင်းဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် မြောက်ပိုင်းသုံးဖွဲ့၏ နယ်မြေအတွင်းပိုင်းအထိ ထိုးစစ်ဆင်လာနေခြင်း၊ ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို ဆက်တိုက်လုပ်နေသောကြောင့် မိမိတို့လှုပ်ရှားနယ်မြေများ ကျဉ်းကြပ်လာခြင်းကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ဖြစ်တဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့ဆီမှာ တောက်လျှောက် စစ်တပ်ဘက်က ထိုးစစ်တွေပြုလုပ်လာတဲ့အတွက် တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတယ်။ အဲဒါကြောင့် အတွင်းဘက်မှာ လှုပ်ရှားမှုက တော်တော်လေးတက်လာတဲ့အတွက် ကျွန်တော်တို့က ခုခံကာကွယ်စစ်အသွင်ပြောင်းပြီးမှ ဒီတိုက်ပွဲကို ပြန်လည်ပြုလုပ်တာဖြစ်တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က DMG ကို ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုခဲ့ပြီး ထိုးစစ်ဆင်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် ပေါ်ပေါက်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ တပ်မတော်၏ တာဝန်ပင်ဖြစ်လိမ့်မည်ဟု လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးစုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများကို တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။

အလားတူ သြဂုတ်လ ၈ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ရက်ခုန်တိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရအရေးနိမ့်လာခြင်းတို့ကြောင့် “တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်း” ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

၂၀၁၉ ဒီဇင်ဘာလအစောပိုင်းက စတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှုများလည်း များပြားလာကာ စစ်ဘေးရှောင်ဦးရေ (၆)သောင်းနီးပါးအထိရှိလာပြီဖြစ်သည်။

Related Post:

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဘုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဗီဒီယိုများ