စိုးအောင်/DMG

ဇူလှိုင်(၅) ၊ မြောက်ဦး

 မြောက်ဦးမြို့နယ်၊လေးမြို့မြစ်ကမ်းစပ်တွင် တည်ဆောက်ထားသော စင်းဘောကိုင်းစခန်းကို မိုးရေများနှင့်အတူ မြစ်ရေများ ပြည့်လာသောကြောင့် တဲအိမ် (၄၀၀)ကျော်ကို ဘေးလွတ်ရာ နေရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေးပြုလုပ်သူများက DMG ကိုပြောသည်။

 လက်ရှိတွင် တဲအိမ် (၁၀၀)ကျော်ခန့်ကို ရေလွှမ်းနေပြီဖြစ်သည့်အတွက် ယင်းတဲများတွင် နေထိုင်သည့် စစ်ဘေးရှောင်များကို စခန်းအရှေ့ပိုင်းရှိ ဘေးလွတ်ရာနေရာတစ်ခုသို့ပြောင်းရွှေ့ ထားရသည်။

 “ရေမြုပ်နိုင်တယ်။ မြစ်ကမ်းစပ်မှာ ဆောက်ထားတော့ မိုးရွာရင် ရေတက်လာတယ်။မြစ်ရေ ပိုပြီး တက်တာပေါ့။ ပိုဆက်ပြီး ရွာရင်တော့ သိပ်ရေကြီးနိုင်တယ် ”ဟု စင်းဘောကိုင်းစစ်ဘေး ရှောင်စခန်းတွင် ကူညီပေးနေသူ ကိုခိုင်မင်းသျှင်က ပြောသည်။

 ထို့အပြင် တခြား တဲအိမ် (၃၀၀)ကျော်ကိုလည်း ရေလွှမ်းမိုးရှိလာသဖြင့် ဘေး လွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန်လိုအပ်နေသည်။သို့သော် တဲဆောက်ရန်ငွေကြေး အခက် အခဲများရှိနေသောကြောင့် ပြောင်းရွှေ့ရန် ခက်ခဲနေသည်ဟု ယင်းစခန်းတွင် ကူညီပေးနေသူ များက ဆိုသည်။

 “ဘယ်အချိန်မှာ (အားလုံးကို ပြောင်းရွှေ့နိုင်မှာလဲဆိုတာ)ခန့်မှန်းလို့မရဘူး။အလှူရှင်တွေ မရှိသရွှေ့တော့ ဒီအတိုင်းနေရမယ့်သဘောပဲ။ဒီအတိုင်းနေရင်တော့ ကျန်းမာရေးပြဿနာရှိ လာမယ်။နောက် ရေဘေးအန္တရာယ်ကျရောက်လာမယ် ”ဟု ကိုခိုင်မင်းသျှင်က ပြောသည်။

 လက်ရှိတွင် တဲအိမ် (၄၀၀)ကျော်အနက်  တဲအိမ် (၁၀၀)ကျော်ခန့်သာ ဘေးလွတ်ရာနေရာ တွင်ဆောက်လုပ်ထားရသေးသည်။သို့သော်လည်း တဲအိမ် (၁၀)ခန့်ကိုသာ ခိုင်ခိုင်မာမာ ဆောက်လုပ်နိုင်သေးပြီး ကျန်သည့်တဲအိမ်များမှာ အမိုး၊အကာများဖြင့် မတည်ဆောက်ရသေး ဟု အဆိုပါ စခန်းက သိရသည်။

 

Author: Admin