မြောက်ဦးမြို့၏ အထင်ကရ ကိုးသောင်းပုထိုးတော်ကြီးအား ဖူးတွေ့ရစဉ်။ ဓာတ်ပုံ - ဇော်ဇော်/ DMG

သက်နိုင်|DMG

ဇူလိုင် ၁၉၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ မြောက်ဦးမြို့နယ်အပါအဝင် တခြားမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြောက်ဦးမြို့သို့ ခရီးသွားဧည့်သည်များလာရောက်မှု ကျဆင်းသောကြောင့် မင်းသမီးဟိုတယ်ကို ဇွန်လအတွင်းတွင် ပိတ်ထားရသည်ဟု ဟိုတယ်ပိုင်ရှင် ဦးလှမြင့်က  DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အရေးအခင်းဖြစ်ပွားခဲ့သောကြောင့် မြောက်ဦးသို့ နိုင်ငံခြားခရီးသွား ဝင်ရော က်မှုကျဆင်းသွားသည်။သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ဖြစ်ပွားလာသော လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်တွင်း၊ပြည်ပ ခရီးသွားများ “ဝင်ရောက်မှုမှာ မရှိသလောက်နည်းပါး”သွားသည်ဟု ဟိုတယ်ပိုင်ရှင်များကဆိုသည်။

“ရခိုင်ပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေက ဘယ်အချိန်ပြီးမလဲ ဆိုတာ ဘယ်သူမှမသိဘူး။ ဒါကြောင့် ခရီးသွား တွေလည်း မလာဘူး။ ခရီးသည်မလာတော့ ဟိုတယ်တွေလည်း နားရတာပေါ့ ”ဟုမြောက်ဦးမြို့မှ မင်းသမီး ဟိုတယ်ပိုင်ရှင် ဦးလှမြင့်ကပြောသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးအခင်းများနောက်ပိုင်းတွင် မြောက်ဦးအပါအဝင် မြို့နယ်တစ်ချို့ကို အစိုးရ ခရီးသွားလာခွင့်ပိတ်ပင်ထားသည်။ယခုလည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ခရီးသွားလာမှုနည်းပါး လာ သဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်တိုးလာရန် စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ရန် အရေးကြီးကြောင်း ဦးလှမြင့်က ဆက်လက်ဆိုသည်။  

“အဲဒီတော့ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာဖို့အတွက် စစ်ပွဲတွေရပ်ဖို့က အဓိကကျတယ်။ မဟုတ်ရင်တော့ ဒီမှာရှိနေတဲ့ ဟိုတယ်လုပ်ငန်းတွေ အကုန်ရပ်ပစ်ရမှာ”ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့တွင် အစိုးရခွင့်ပြုပေးထားသည့် ဟိုတယ် ၆လုံး နှင့် Guesthouse အလုံး ၂၀နီးပါးခန့် ရှိပြီး ခရီသည်ဝင်ရောက်မှု နည်းပါးသောကြောင့် မြောက်ဦးမင်းသမီးဟိုတယ်ကို လုံးဝပိတ်ထားရပြီး  တခြားဟိုတယ်များတွင်လည်း ဝန်ထမ်းတချို့လျှော့ချနေရသည်။

ရခိုင်ပြည်နယ်ကို ပြည်တွင်း၊ပြည်ပ ခရီးသည်များ ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်တွင် (၆)သောင်းကျော်၊၂၀၁၈ ခုနှစ်တွင် (၅)သောင်းကျော်နှင့် ၂၀၁၉ ခုနှစ် မေလအထိ (၁၆၆)ဦးသာရှိပြီး ခရီးသွားအများစုမှာ သံတွဲ၊စစ်တွေ ၊ကျောက်ဖြူနှင့်မြောက်ဦးမြို့သို့ လာရောက်ကြသည်ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ စာရင်းအရ သိရသည်။

Author: Admin