တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်နေကြောင်း မြေပုံဒေသခံများပြောသော်လည်း လေ့ကျင့်ပျံသန်းခြင်းသာဖြစ်ဟု ဆို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအရှေ့ဘက် တောင်တန်းများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က လာရောက်ပစ်ခတ်နေသည့်အတွက် ရွာသားများ ကြောက်လန့်ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

By ခိုင်ရိုးလ 09 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၉ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာအရှေ့ဘက် တောင်တန်းများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က လာရောက်ပစ်ခတ်နေသည့်အတွက် ရွာသားများ ကြောက်လန့်ထွက်ပြေးနေရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ထိုသို့ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ယိုးဆနွင်းကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း အမည်မဖော်လိုသည့် ယိုးဆနွင်းရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာသားတွေက ရဟတ်ယာဉ်နဲ့ပစ်ခတ်နေတာကိုမြင်တော့ ကြောက်လန့်ပြီးထွက်ပြေးနေကြတယ်။ ရွာသားတစ်ချို့တော့ ကျန်နေခဲ့တယ်” ဟု ၎င်းကဆိုသည်။

ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လက်ရှိမှာ ပြင်လှ၊ မိုးသီးနတ်တောင်၊ ခမောက်စွဲ၊ တောင်ကြီးရင်း စသည့် ကျေးရွာများသို့ ထွက်ပြေးနေရကြောင်း ယိုးဆနွင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“လက်နက်ကြီးအမြောက်ပစ်သံကတော့ မနေ့ညနေ ၆ နာရီကျော်လောက်က ချင်းရွာဘက်က ၆ လုံးလောက် ပစ်သံတွေကြားတယ်။ ဒီမနက်မှာတော့ ပစ်ခတ်သံလည်းမကြား၊ တိုက်ပွဲလည်းမဖြစ်ပဲ ရဟတ်ယာဉ်နဲ့ လာပစ်နေတာ”ဟု နောက်ထပ်အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို DMG က ဆက်သွယ်မေးမြန်းကြည့်ရာ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သည်မှာ မဟုတ်မှန်ကြောင်းနှင့် တပ်မတော်မှ ရဟတ်ယာဉ်များ လေ့ကျင့်ပျံသန်းနေခြင်းသာဖြစ်ကြောင်း ဆိုသည်။

“အဲဒီဘက်မှာ တိုက်ပွဲမဖြစ်ဘူး။ ရဟတ်ယာဉ်နဲ့လည်း ပစ်တာမဟုတ်ဘူး။ ရဟတ်ယာဉ်က လေ့ကျင့်ပျံသန်းနေတာ။ ရွာသားတွေ ထွက်ပြေးတယ်ဆိုတာမရှိဘူး။ သူ့ဟာသူအေးဆဲပဲ။ မလိုအပ်သူပြောတဲ့စကားပဲဖြစ်မယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားသည့် ၁၀ လကျော်ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် ဦးရေသည် ခြောက်သောင်းလေးထောင်ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် REC စာရင်းအရသိရပြီး နေ့စဉ်တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ထပ်တိုးလျက် ရှိနေသည်။

ဗီဒီယိုများ