- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ကိုဗစ်ကာလတွင် ငပလီကမ်းခြေမှ ဟိုတယ်လေးလုံး ပြန်ဖွင့်ခွင့်ရသော်လည်း လာရောက်တည်းခိုသူနည်းပါး
COVID-19 ကာလအတွင်း ပိတ်ထားရသည့် ဟိုတယ်များအနက် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေမှ ဟိုတယ်လေးလုံးကို ပြန်ဖွင့်ခွင့်ရရှိသော်လည်း တည်းခိုမည့်ခရီးသည် လာရောက်မှုနည်းပါးလျှက်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
15 Aug 2020
မျိုးသီရိကျော် | DMG
သြဂုတ် ၁၄ ၊ သံတွဲ
COVID-19 ကာလအတွင်း ပိတ်ထားရသည့် ဟိုတယ်များအနက် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေမှ ဟိုတယ်လေးလုံးကို ပြန်ဖွင့်ခွင့်ရရှိသော်လည်း တည်းခိုမည့်ခရီးသည် လာရောက်မှုနည်းပါးလျှက်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
ယခုနှစ်မိုးရာသီပိတ်ရက်များတွင် ခရီးသည်များ လာရောက်လည်ပတ်လိမ့်မည်အထင်ဖြင့် ဟိုတယ်များကို ပြန်ဖွင့်ခဲ့သော်လည်း ခရီးသည်လာရောက်ခြင်းမရှိခဲ့ကြောင်း Royal Lin Thar Guest House ပိုင်ရှင် ကိုရှိန်းသူ က DMG သို့ ပြောသည်။
“နှစ်တိုင်း မိုးရာသီက လူလာတာနည်းတယ်ဆိုပေမယ့် တစ်ပတ်ကိုအနည်းဆုံး လေးခန်းလောက်တော့ လူရှိတယ်။ အခုကျတော့ ဟိုတယ်ဖွင့်တာ နှစ်ပတ်ရှိပြီ ။ ခရီးသည် ၃ယောက်ပဲရှိသေးတယ်။ ပြောရရင်တော့ အဆင်မပြေဘူးပေါ့၊ ဒါပေမယ့် မဖွင့်ရတာထက်စာရင်တော့ တော်သေးတယ်ပြောရမှာပေါ့” ဟု ၎င်းကဆိုသည်။
ငပလီကမ်းခြေမှ ဟိုတယ်လေးလုံးကို ကျန်းမာရေးညီညွတ်မှု ရှိ၊မရှိ စစ်ဆေးကာ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ဆိုသည်။
ယင်းဟိုတယ်များမှာ AZ Family Resort Hotel ၊ AZ Family Guest House ၊ Royal Lin Thar Guest House နှင့် Kyaw Myanmar Hotel တို့ဖြစ်ကြပြီး နိုင်ငံခြားခရီးသည်များ လာရောက်တည်းခိုနိုင်ရန် ပြန်ဖွင့်လိုကြောင်း တောင်းဆိုလာကြသည့်အတွက် သြဂုတ်လ ပထမအပတ်မှ စတင်ကာ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဟိုတယ်တွေ ၊ တည်းခိုရိပ်သာတို့ပိတ်ထားတဲ့အချိန်မှာလည်း ဝန်ထမ်းစရိတ်တွေကို တစ်ဝက်လောက်တော့ ပေးနေရတယ်ပေါ့ ။ ဆိုတော့ အခုလိုမျိုးဖွင့်ထားလိုက်ရင် နိုင်ငံခြားဧည့်သည်တွေလာရင် တည်းရအောင် ။ ပိုင်ရှင်တွေအတွက်လည်း ဝန်းထမ်းစရိတ်ဖြစ်ဖြစ်၊ မီတာခတွေဖြစ်ဖြစ် ပေးနိုင်တယ်ပေါ့။ ထိုက်သင့်တဲ့ ဝင်ငွေ တစ်ခုရအောင်ဆိုပြီး ဖွင့်ခွင့်ပေးရတာပါ” ဟု ဦးရဲအောင်မိုးက ဆိုသည်။
သံတွဲမြို့ THANDE BEACH HOTEL တွင် တည်းခိုခဲ့သည့် ခရီးသည် ၇ ဦးထဲမှ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည်ဟု တွေ့ရှိပြီးနောက် မတ်လ ၂၈ ရက်နေ့မှစတင်ကာ သံတွဲ၊ ငပလီနှင့် ဂွမြို့နယ်တို့မှ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စုစုပေါင်း ၁၀၀ ကျော်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေမြို့တွင်ဟိုတယ် (၁၅)လုံး၊ ကျောက်ဖြူမြို့တွင် (၈)လုံး၊ မြောက်ဦး မြို့တွင် (၁)လုံးနှင့် ငပလီကမ်းခြေတွင် (၄)လုံး စသဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း(၂၈)လုံးကို ဖွင့်လှစ်ထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းအရသိရသည်။